News

POST TYPE

LATEST NEWS POST

စည်ပင်ရွေးကောက်ပွဲအကြောင်း အများပြည်သူများ သိရှိစေရန် ရုပ်ရှင်ရုံများတွင် ထုတ်လွှင့်ပြသမည်
16-Mar-2019
ရန်ကုန်၊ မတ် ၁၆

ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူများ သိရှိစေရန် ရုပ်ရှင်ရုံများ၌ ယခုရက်ပိုင်းအတွင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

ရုပ်ရှင်ရုံများ၌ နိုင်ငံတော်အလံ အလေးပြုခြင်း အစီအစဉ်ပြသပြီးနောက် ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများ ပြသမည်ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို အများပြည်သူများ သိရှိစေရန် အသိပညာပေး ကမ်းပိန်းဗီဒီယိုနှင့် သတင်း အချက်အလက်များကို YBS ဘတ်စ်ကားများအပြင် နိုင်ငံပိုင်ရုပ်သံလိုင်း၊ ရေဒီယိုနှင့် သတင်းစာများတွင် ဖော်ပြပေးလျက်ရှိသည်။

“ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံ လွှင့်ထူပြီးရင် အသိပညာပေး ကမ်းပိန်းအနေနဲ့ပြသဖို့ဆိုတာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့အစီအစဉ်ပါ။ အသိပညာပေး ကမ်းပိန်းပြသဖို့ ရုပ်ရှင်ရုံတွေကို ပို့ပြီးပါပြီ။ ၁၈ ရက်နေ့လောက်ကစပြီး ပြသမှာပါ”ဟု ဦးအောင်ခိုင်က ရှင်းပြသည်။

ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ NGO များနှင့်ပူးပေါင်းကာ ရန်ကုန်မြို့ရှိ လမ်းစုံလမ်းခွများတွင်လည်း စည်ပင်ရွေးကောက်ပွဲ ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူထားပြီး စည်ပင်ရွေးကောက်ပွဲ ကော်မရှင်မှလည်း လက်ကမ်းစာရွက် ခြောက်သိန်းရိုက်နှိပ်ကာ ဖြန့်ဝေနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရမည်ဖြစ်သည်။

ယင်းရွေးကောက်ပွဲအတွက် စည်ပင်နယ်နမိတ် ၃၃ မြို့နယ်ရှိ ရပ်ကွက်ပေါင်း ၆၁၃ ရပ်ကွက်မှ မဲပေးခွင့်ရှိသူ ၃ ဒသမ၄ သန်းအတွက် မဲရုံပေါင်း ၂၈၇၉ ရုံ ဖွင့်ထားပေးမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

J-10