News

POST TYPE

LATEST NEWS POST

ဟားခါးတွင် တစ်ပီပါလျှင် ကျပ် ၁၀၀ ဖြင့် စည်ပင်က ရေရောင်းမည်
15-Mar-2019

ကလေး၊ မတ် ၁၄

ဟားခါးမြို့ပေါ်တွင်နေထိုင်သည့် ဒေသခံများ သောက်သုံးရေ အဆင်ပြေစေရေးအတွက်ဟုဆိုကာ ရေစည်တစ်ပီပါလျှင် ငွေကျပ် ၁၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဟားခါးမြို့၊ စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာသည်။

ဟားခါးမြို့တွင် ရပ်ကွက် (၈) ရပ်ကွက် ရှိပြီး ရပ်ကွက်နေသူများ သောက်သုံးရေ လုံလောက်စွာ အသုံးပြုနိုင်ရေးအတွက် အစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် မြို့အတွင်း ရေပေးဝေနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေစုကန်များမှတစ်ဆင့် မြို့အတွင်း ရေဖြန့်ဝေနိုင်ရေးအတွက် ဖြန့်ဝေရေးပိုက် လိုင်းများကို တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီနှစ်ခုက သတ်မှတ်ထားသည့် အချိန်တွင် လုပ်ငန်းမပြီးဆုံးသည့်အတွက် ယင်းကဲ့သို့ မြို့နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး ယင်းကဲ့သို့ စီစဉ်ပေးခြင်းဖြစ်ကြောင်း ဟားခါးမြို့၊ စည်ပင်သာယာရေးကော်မတီဝင် ဦးဇမန်းက ပြောကြားသည်။

“ပြည်သူတွေ သောက်သုံးရေ သုံးစွဲဖို့ အဆင်ပြေအောင် ကြေညာပေးတာ။ ဘယ်နေရာမှာ ရေရနိုင်တယ်။ ဘယ်နေရာမှာလာပြီးတော့ ဝယ်ယူနိုင်တယ်ဆိုပြီး ကြေညာပေးထားတာ။ တချို့က ရေဘယ်ကနေ ရနိုင်တဲ့ဆိုတာ မသိတဲ့အပိုင်းတွေ ရှိတော့လေ သူတို့ ရေဝယ်ယူရတာ အဆင်ပြေအောင် ကြေညာပေးတာပါ”ဟု ၎င်းက ဆိုသည်။

ဟားခါးမြို့၊ စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ ပြည်တော်သာ ရပ်ကွက်ရှိ နွယ်ဆွကန်၊ မြို့တော်ခန်းမ အ.ထ.က (၂) အနီးရှိ ရေကန်၊ ပြည်တော်သာ အ.မ.က အနီးရှိ ရေကန်၊ ဈေးသစ်ရပ်ကွက် မြို့တော်ခန်းမကန်၊ ပြည်တော်သာရပ်ကွက် အ.မ.က ရေကန်၊ မြို့သစ်ရပ်ကွက် အ.ထ.က (၂) ကန်တို့တွင် ရေတိုင်ကီ တစ်ပီပါလျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့် လာရောက်ဝယ်ယူနိုင်ပြီး ရေသယ်ကားဖြင့် အိမ်တိုင်ရာ ရောက်ပို့ပေးရမည်ဆိုပါက ဂါလန်နှစ်ထောင်ဆံ့ ရေကားတစ်စီးလျှင် ငွေကျပ်ငါးသောင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့သည် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး ပြည်နယ်အတွင်း လူဦးရေအထူထပ်ဆုံး နေထိုင်သည့် မြို့တစ်မြို့ဖြစ်ကာ သောက်သုံးရေရှားပါးသည့်ဒဏ်ကို နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံတွေ့နေရသည့် မြို့တစ်မြို့ဖြစ်သည်။ 

R-20