News

POST TYPE

LATEST NEWS POST

မော်လမြိုင်ရှိ တန်ဖိုးသင့်အိမ်ရာများအတွက် ယခုလအတွင်း လျှောက်လွှာရောင်းမည်
14-Mar-2019

မော်လမြိုင်၊ မတ် ၁၄

မော်လမြိုင်မြို့ ကြာအင်းကျေးရွာတွင် အသစ်တည်ဆောက်ထားသော ဗညားဒလ တန်ဖိုးသင့်အိမ်ရာမှ တိုက်ခန်းများအတွက် ဈေးနှုန်းသတ်မှတ်ထားပြီးဖြစ်၍ ယခုလအတွင်း လျှောက်လွှာများ ရောင်းချပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

“ဦးစားပေးအစီအစဉ် ခုနစ်ချက်နဲ့ ရောင်းချပေးမယ်၊ တချို့က ပြောနေကြတယ်။ ခရိုနီလက်ထဲပဲ ရောက်မယ်၊ ပြည်သူတွေမရဘူးဆိုပြီးတော့ အသံတွေထွက်နေတယ်၊ တချို့ကလည်း ရောင်းပြီးနေပါပြီဆိုပြီး အသံတွေ ထွက်နေတယ်။ မဟုတ်ပါဘူး။ အခုမှ ပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကျတယ်၊ ဈေးနှုန်းတွေ ဆုံးဖြတ်တယ်။ မီတာဘောက်တွေ မတပ်ရသေးလို့ မရောင်းသေးတာပါ၊ မီတာဘောက်တွေ တပ်ပြီးတာနဲ့ ရောင်းပေးမယ်”ဟု ၎င်းကရှင်းပြသည်။

အဆိုပါ တိုက်ခန်းများအတွက် မွန်ပြည်နယ်အတွင်း နေထိုင်သူ မည်သူမဆို လျှောက်ထားနိုင်မည်ဖြစ်ရာ ငွေလက်ငင်းပေးချေနိုင်သူကို ဦးစားပေး ရောင်းချသွားမည်၊ မွန်ပြည်နယ်တွင် အိမ်ပိုင်၊ မြေပိုင်မရှိသူ ဖြစ်ရမည်၊ အရစ်ကျ ဝယ်ယူမည့်သူများအနေနှင့် မည်သည့်ဘဏ်နှင့်မဆို မိမိအစီအစဉ်ဖြင့် ချိတ်ဆက်ဝယ်ယူနိုင်မည်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားမယူမီ ၅ နှစ်အတွင်းနှင့် အငြိမ်းစားယူပြီး ၃ နှစ်ရှိသူကို ဦးစားပေးရောင်းချမည်၊ အိမ်ရာစခန်းသာယာလှပရေးအတွက် စခန်းသာယာရေး ကော်မတီဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး ကော်မတီက သတ်မှတ်သည့် စခန်းသာယာရေး ရန်ပုံငွေကိုပေးဆောင်ရမည် စသည့်အချက်များ သတ်မှတ်ထားသည်။

“နောက်တစ်ချက်က တိုက်ခန်း ဝယ်ယူခွင့်ရတဲ့သူတွေအနေနဲ့ ဌာနက သတ်မှတ်ထားတဲ့မြေခွန်ကို နှစ်စဉ် ပေးဆောင်ရမယ်၊ မြေက အစိုးရပိုင် မြေဖြစ်နေတယ်၊ ဒါကြောင့် မြေခွန်ကိုတော့ ပေးဆောင်ရမယ်”ဟု ဝန်ကြီး ဦးမင်းကျော်လွင်က ထပ်လောင်းပြောဆိုသည်။

ဗညားဒလတန်ဖိုးသင့်အိမ်ရာ တိုက်ခန်း မြေညီထပ်အတွက် တစ်ခန်းလျှင် ကျပ် ၂၃၅ သိန်း၊ ပထမထပ် တစ်ခန်းလျှင် သိန်း ၂၁၀၊ ဒုတိယထပ်တစ်ခန်းလျှင် ၁၉၅ သိန်း၊ တတိယထပ်တစ်ခန်းလျှင် သိန်း ၁၈၀ ဟုသတ်မှတ်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ထိုဗညားဒလ တန်ဖိုးသင့်အိမ်ရာတွင် လေးခန်းတွဲ လေးထပ်တိုက် ၁၆ လုံးရှိသည့်အနက် တိုက်နှစ်လုံးကို ချန်လှပ်၍ ကျန် ၁၄ လုံးမှ အခန်းပေါင်း ၂၂၄ ခန်းကို ရောင်းချပေးရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ဆုံးဖြတ်ထားသည်။

R-21