News

POST TYPE

LATEST NEWS POST

မန်းသင်္ကြန်၌ မီးသတ်ပိုက်ဖြင့် ရေမကစားရ
10-Mar-2019

မန္တလေး၊ မတ် ၁၀

ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော်ကာလအတွင်း မီးသတ်ပိုက်များဖြင့် ရေပက်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ယင်းမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မီးသတ်ပိုက်များဖြင့် ရေကစားခြင်းများကြောင့် သင်္ကြန်ရေပက်ခံထွက်သူများ၏ ကိုယ်ခန္ဓာတွင် ထိခိုက်ပွန်းပဲ့မှုများအပြင် အခြားသော ထိခိုက်မှုများလည်း ရှိနိုင်သည့်အတွက် မီးသတ်ပိုက်ဖြင့် ရေကစားခွင့်ကို ကန့်သတ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က ကျုံးဘေးတွင် ရေပိုက်ငယ်များဖြင့် ပျော်ရွှင်စွာ ရေကစားနိုင်ရန် ရေစုပ်စက်များကို ခွင့်ပြုခဲ့သော်လည်း မီးသတ်ပိုက်ခေါင်းများ တပ်ဆင်၍ ရေကစားခြင်းကို ခွင့်မပြုခဲ့သော်လည်း ထိုသို့ ရေစုပ်စက်ဖြင့် ရေကစားခွင့်ပြုခဲ့ခြင်းကို အခွင့်အရေးယူ၍ မီးသတ်ပိုက်ခေါင်းဖြင့် ရေကစားသူများ ရှိခဲ့သည့်အတွက် သွားရောက်တားမြစ်သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

“မနှစ်က သွားဖမ်းတာ ဝိုင်းရိုက်ဖို့ လုပ်တာတွေတောင်ရှိတယ်။ ထိရောက်တဲ့ အရေးယူမှုမျိုး ချမှတ်နိုင်ဖို့ ကော်မတီကို တင်ပြသွားမယ်။ ရေစုပ်စက်နဲ့ ပက်တဲ့ကိစ္စကိုလည်း ပြန်လည်စိစစ်ဖို့ တင်ပြသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

ယမန်နှစ် သင်္ကြန်ကာလအတွင်းက မီးသတ်ရေပိုက်ခေါင်း ၆၀ သိမ်းဆည်းမိခဲ့ပြီး ထိုသို့ရေကစားသူများကိုမူ အရေးမယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မီးသတ်ပိုက်ဖြင့် ရေပက်သူများသည် ရေပက်ခံကားဖြင့် လည်ပတ်သူ အမျိုးသမီးငယ်များကို ပစ်မှတ်ထား၍ ၎င်းတို့၏ ခါးစပ်နှင့် တင်ပါးအစရှိသော နေရာများကို ပြင်းထန်သည့်ရေအားဖြင့် ပက်ခြင်းသည် ရိုးရာသင်္ကြန်နှင့် ဆန့်ကျင်သည့် ရိုင်းပျသည့် အမူအကျင့်များဖြစ်ကြောင်း မန္တလေးဒေသခံ တစ်ဦးဖြစ်သူ မဖြူဖြူက ပြောကြားသည်။

“အခုလိုမျိုးကိစ္စတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ မီးသတ်ပိုက်ရေအားဆိုတာ နည်းတဲ့ပြင်းအားမဟုတ်ဘူးလေ။ အန္တရာယ် များလွန်းပါတယ်”ဟု ၎င်းက ပြောဆိုသည်။

M-08