News

POST TYPE

LATEST NEWS POST

တရုတ်အကူအညီဖြင့် ပုဂံဘုရားများကို ကောင်းကင်ဓာတ်ပုံ စရိုက်
07-Mar-2019


မန္တလေး၊ မတ် ၇

တရုတ်နိုင်ငံအကူအညီဖြင့် ပုဂံရှေးဟောင်းနယ်မြေအတွင်း ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် ပုဂံဘုရားအချို့ကို သုံးဖက်မြင် ဓာတ်ပုံရိုက်ကူးခြင်းများ စတင်လုပ်ဆောင်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chinese Academy of Science နှင့်ပူးပေါင်းကာ ထိုအစီအစဉ်ကို လုပ်ဆောင်နေပြီး ပုဂံဒေသယဉ်ကျေးမှု အမွေအနှစ်နေရာများနှင့် ရှေးဟောင်း အဆောက်အအုံများကို စောင့်ကြည့်စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောကြားသည်။

“လွန်ခဲ့တဲ့လေးနှစ်လောက်တုန်းက ကမ္ဘာ့အမွေအနှစ်တင်ဖို့ဆိုပြီး ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီးတော့ ကောင်းကင်ဓာတ်ပုံ ရိုက်ခဲ့တာရှိတယ်။ ဒါတွေကို Update ဖြစ်စေဖို့ပေါ့။ လေးနှစ်ဆိုတဲ့ အချိန်အတွင်းမှာ ပြောင်းလဲတာတွေ ဖြစ်လာတယ်ပေါ့။ ပုဂံဧရိယာတစ်ခုလုံးကို ရိုက်မယ်။ လက်ရှိကတော့ ပုဂံမြို့သစ်နားတစ်ဝိုက်၊ အာနန္ဒာအနီးတစ်ဝိုက် ရိုက်နေတယ်”ဟု ၎င်းက ပြောကြားသည်။

ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် သုံးဖက်မြင် ရိုက်ကူးခြင်းလုပ်ငန်းများကို အဖွဲ့သုံးဖွဲ့ခွဲ၍ မတ်လ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း၊ လတ်တလော အာနန္ဒာဘုရားကို သုံးဖက်မြင် ရိုက်ကူးခြင်း၊ အာန္ဒာဘုရားမြောက်ဘက်ရှိ ရွှေနန်းရင်တော့ဘုရားစုတွင် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်းများ စတင် ပြုလုပ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှေးဟောင်းနယ်မြေအတွင်း ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့် သဗ္ဗေညုဘုရားကြီးကို တရုတ်နိုင်ငံမှ ပညာရှင်များဖြင့် ပြုပြင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည်။

M-05