News

POST TYPE

LATEST NEWS POST

တိုက်ကြီးတွင် ပုပ်ပွသေဆုံးနေသည့် ရဲတပ်ကြပ်တစ်ဦး၏ အလောင်းကိုတွေ့
05-Mar-2019
ရန်ကုန်၊ မတ် ၄ 

တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ အမှတ် (၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (ဂျိုးဖြူ) ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ လျှိုတစ်ခုတွင် ပုပ်ပွသေဆုံးနေသည့် ရဲတပ်ကြပ်တစ်ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းရုပ်အလောင်းကို မတ်လ ၃ ရက် ညနေပိုင်းက စတင်တွေ့ရှိခဲ့ပြီး မှောက်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာမရှိဘဲ ပုပ်ပွသေဆုံးနေသူ၏ ကျောကုန်းတွင် နဂါးရုပ် ဆေးမင်ကြောင် ထိုးထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ရဲဆေးစာဖြင့် တိုက်ကြီး ဆေးရုံသို့ ပို့အပ်၍ သေဆုံးသူ၏ အကြောင်း အရင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

သေဆုံးသူမှာ ဒဂုံအရှေ့ မြို့မ ရဲစခန်း မှ ရဲတပ်ကြပ်တစ်ဦးဖြစ်ကြောင်းသိရှိရပြီး ၎င်းမှာ ဖေဖော်ဝါရီလ ၁၈ ရက်မှ မတ်လ ၈ ရက်နေ့အထိ ဖွင့်လှစ်ထားသော အမှတ် (၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် မိုင်းအမျိုးအစား အမျိုးမျိုးနှင့် မိုင်းရှာဖွေရှင်းလင်းခြင်းသင်တန်းကို လာတက်ရောက်နေသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစတင်၍ ခွင့်မဲ့ပျက်ကွက်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ပြင်ပဒဏ်ရာမရှိဘဲ ပုပ်ပွသေဆုံးနေသူ၏ ရုပ်အလောင်းကို တိုက်ကြီးဆေးရုံမှ လက်ခံစစ်ဆေးနေပြီး သေဆုံးသူမှာ အရက်သေစာ အမြဲသောက်စားတတ်ကြောင်းနှင့် အရက်မသောက်ရပါက သတိလွတ်ကာ ခြေဦးတည့်ရာသို့ သွားလာတတ်သူဖြစ်ကြောင်း ဇနီးဖြစ်သူထံမှ သိရှိရသဖြင့် တိုက်ကြီးမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၆/ ၂၀၁၉ ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

S-03