News

POST TYPE

LATEST NEWS POST

မန္တလေး စည်ပင်ဒဏ်ကြေးငွေကို ပြင်ဆင်ရန် ဆွေးနွေးမည်
26-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့တော်စည်ပင်၏ စီမံခန့်ခွဲရေးပြစ်ဒဏ်ကြေးသည် ဥပဒေအင်္ဂါရပ်နှင့်မညီ၍ ပြန်ပြင်ရန် ဖေဖော်ဝါရီ ၂၆ ရက်နေ့ တိုင်းလွှတ်တော်တွင် ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က တင်သွင်းခဲ့ရာ ယင်းအဆိုကို ဖေဖော်ဝါရီ ၂၈ ရက်တွင်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၁၂ (က) အရ စီမံခန့်ခွဲရေး ပြစ်ဒဏ်များအဖြစ် သတ်မှတ်ထားသည့် ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ကော်မတီပိုင်အဖြစ် သိမ်းဆည်းခြင်း (သို့မဟုတ်) ဒဏ်ကြေးငွေ အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်ငါးသောင်းအထိ ချမှတ်အရေးယူခြင်းသည် မထိရောက်သည့်အတွက် ကော်မတီပိုင်အဖြစ် သိမ်းဆည်းခြင်း (သို့မဟုတ်) ဒဏ်ကြေးငွေ ကျပ်တစ်သောင်းမှ ကျပ်ငါးသိန်းအထိ ချမှတ်နိုင်ရန် ပြင်ဆင်သတ်မှတ်ကြောင်း ယင်းကော်မတီက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်ကြေငြာစာအရ ပထမအကြိမ် ကျူးလွန်ပါက ဒဏ်ကြေးအမြင့်ဆုံး ငါးသိန်းကျပ်အထိ ပြဋ္ဌာန်းထားသော်လည်း ဒုတိယအကြိမ် ထပ်မံ ကျူးလွန်ပါက ဒဏ်ကြေး ကျပ် ၂ သောင်းမှ ၂ သိန်းအထိသာ အများဆုံး ချမှတ်နိုင်သည်ကိုသာ တွေ့ရသည့်အတွက် ပထမအကြိမ်ကျူးလွန်သည့် ဒဏ်ကြေးထက် ဒုတိယအကြိမ် ထပ်မံကျုးလွန်သည့် ဒဏ်ကြေးငွေသည် လျော့နည်းနေသည့်အတွက် ဥပဒေစကားရပ်အရ ရှေ့နောက် ညီညွတ်မှုမရှိကြောင်း ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က လွှတ်တော်တွင် ပြောကြားသည်။

“ဥပဒေနဲ့ မညီညွတ်တဲ့အချက်တွေကို လွှတ်တော်အနေနဲ့ ထိန်းကျောင်းဖို့ တာဝန်ရှိပါတယ်။ ဒီအမိန့် ကြေညာချက်ကို ရပ်ထားသင့်ပါတယ်”ဟု ၎င်းကပြောကြားသည်။

M-08