News

POST TYPE

LATEST NEWS POST

နို့နှင့် နို့ထွက်ပစ္စည်းအားလုံး ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပေးမည်
23-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်မည့် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် နို့နှင့် နို့ထွက်ပစ္စည်းများအားလုံးကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်အမျိုးအမည်ဖော်ပြချက်တွင် ‘နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျိုး’ ဟု ဖော်ပြထားသဖြင့် ဒိန်ချဉ်မပါဘဲ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်နေရခြင်းကြောင့် ဒိန်ချဉ်အပါအဝင် အခြားနို့ထွက်ပစ္စည်းများ အကျုံးဝင်စေရန် ‘နို့နှင့် နို့ထွက်ပစ္စည်းများ’ ဟု ပြင်ဆင်သတ်မှတ်ပေးရန် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီထံ ဇန်နဝါရီလက တင်ပြထားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။

သို့ဖြစ်၍ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် နို့နှင့် နို့ထွက်ပစ္စည်းများ ကုန်သွယ်ခွန်ကင်းလွတ်စေရန်အတွက် ‘နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျို’ အစား ‘နို့နှင့် နို့ထွက်ပစ္စည်းများ’ ဟု ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်ဆွေက ပြောဆိုသည်။

ထို့ပြင် ပြည်ပမှတင်သွင်းသည့် မွေးမြူရေးအစာကုန်ကြမ်းများကို အကောက်ခွန်ပေးဆောင်ရာတွင် ယခင်က ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ကောက်ခံခဲ့သော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစကာ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့သောကြောင့် ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ပြန်လည်ကောက်ခံပေးရေးကိုလည်း ထည့်သွင်းတင်ပြထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

J-11