News

POST TYPE

LATEST NEWS POST

ပုသိမ်မြို့ အောင်ဧရာဈေးတွင် တားမြစ်ဖော်မလင်ဆေး အသုံးပြုသည့်ပဲပြားများကို ဖမ်းဆီးရမိ
22-Feb-2019


ပုသိမ်၊ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် (၅) ရပ်ကွက် အောင်ဧရာဈေး (ဘူတာဈေး)အတွင်း ရောင်းချနေသော စားသုံးကုန်များကို ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်) စစ်ဆေးခဲ့ရာ တားမြစ်ဖော်မလင်ဆေးတွေ သုံးထားသည့် အသဲပုံ အမှတ်တံဆိပ်ပါ ပဲပြားများကို တွေ့ရှိသိမ်းဆည်းလိုက်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ဈေးအတွင်း ရောင်းချနေသည့် ပဲပြား၊ ပဲသွေး၊ ငပိ၊ ပုဇွန်ခြောက်၊ အမဲသွေး၊ မှိုခြောက်ပန်းခြောက်၊ အသားတု၊ ငရုတ်သီးမှုန့် အမျိုးမျိုး အလှပြင်ပစ္စည်း အသင့်စား မုန့်ပဲသရေစာ စသည့် စားသုံးကုန် လူသုံးကုန် ပစ္စည်း (၄၉) မျိုးကို ရွေ့လျားဓာတ်ခွဲခန်း
မော်တော်ယာဉ်အတွင်း၌ မိနစ်ပိုင်းအတွင်း စမ်းသပ်စစ်ဆေးဖော်ထုတ်ခြင်းဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးထွန်းကျော်ကပြောသည်။

“ဖော်မလင်ဆေးက လူသေတွေ မပုပ်သိုးအောင် ကြာရှည်ခံအောင် အသုံးပြုကြတာပါ။ အစားအသောက်တွေကို ကြာရှည်ခံဖို့ မသုံးသင့်ဘူး။ အသက်အန္တရယ်ရှိတယ်။ ကလေးတွေ ကိုယ်ဝန်ဆောင်မိခင်တွေ အသက်ကြီးရွယ်အိုတွေဆို အနံ့ရှုမိတာနဲ့ ဘေးဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းတို့မှာ ကင်ဆာရောဂါ ဖြစ်တတ်ပါတယ်”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

တားမြစ်ဖော်မလင်ဆေး သုံးထားသည့် ပဲပြားများကို လက်လီရောင်းချသူနှင့် ထုတ်လုပ်သူတို့ကို စစ်ဆေးသည့်အခါ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အပြစ်ပုံချနေခြင်းကြောင့် လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်မှူးရုံးတွင် ယင်းသို့မလုပ်ရန် ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ကြောင်း ပေါက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းကပြောသည်။

စစ်ဆေးရေးအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ စည်ပင်သာယာရေး၊ အထွေထွေ အုပ်ချုပ်ရေး၊  စားသုံးသူရေးရာ၊ ပြည်သူ့ကျန်းမာရေး စသည့် ဦးစီးဌာနတို့ပါဝင်ကြောင်း ပဲပြားတွင် ဖော်မလင်ဆေး အမှန်တကယ် ထည့်သွင်းအသုံးပြသူကို ဆက်လက် ဖော်ထုတ်အရေးယူမည်ဖြစ်ပြီး သိမ်းဆည်းရှမိသော ပဲပြားများကို ဖျက်ဆီးမည်ဖြစ်ကြောင်း ယင်းပူးပေါင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာပြည့်ဖြိုးထံမှ သိရသည်။

R-12