News

POST TYPE

LATEST NEWS POST

အီရန်နှင့် ဆက်ဆံရေးရင်းနှီးလိုသည့်ဆန္ဒ မပြောင်းဟု ဆော်ဒီမင်းသားခရီးစဉ်မတိုင်မီ ရှီကျင့်ဖျင် ပြောကြား
22-Feb-2019



ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၁

အီရန်နှင့် ရင်းနှီးသည့်ဆက်ဆံရေး ဖော်ဆောင်လိုသည့် တရုတ်နိုင်ငံ၏ ဆန္ဒသည် အပြောင်းအလဲ မရှိကြောင်းနှင့် နိုင်ငံတကာ အခြေအနေနှင့် သက်ဆိုင်ခြင်း မရှိကြောင်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆော်ဒီအိမ်ရှေ့မင်းသား၏ ကြာသပတေးနေ့ ဘေဂျင်းခရီးစဉ်မတိုင်မီ အီရန်လွှတ်တော်ဥက္ကဋ္ဌကို ပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအတွက် အီရန်သည် စတုတ္ထမြောက်အများဆုံး ရေနံတင်သွင်း ရောင်းချသူဖြစ်ပြီး ရေနံအတွက် အရှေ့အလယ်ပိုင်းဒေသကို မှီခိုနေရသော တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများနှင့် သံတမန်ရေးများတွင် ထုံးစံအားဖြင့် ပါဝင်လေ့မရှိသော်လည်း ၎င်း၏ ပုံရိပ်ကို အထူးသဖြင့် အာရပ်ကမ္ဘာတွင် မြှင့်တင်ရန် ကြိုးစားလျက်ရှိသည်။

ဆော်ဒီဘုရင် ဆော်လ်မွန်သည် ၂၀၁၇ ခုနှစ်က ဘေဂျင်းသို့ လာရောက်ခဲ့ပြီး ယခု အိမ်ရှေ့မင်းသား ဘင်ဆော်လ်မန်သည် ကြာသပတေးနေ့က နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။

သို့ရာတွင် တရုတ်နိုင်ငံသည် ဆော်ဒီ၏ ဒေသတွင်းရန်ဘက် အီရန်နှင့် ဆက်ဆံရေးရင်းနှီးသည့်တိုင်အောင် လမ်းကြောင်းကို အစွန်းမထွက်အောင် ရွေးချယ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့က အီရန်လွှတ်တော် ဥက္ကဋ္ဌ အလီလာရီဂျာနီနှင့် တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က တရုတ်-အီရန် နှစ်နိုင်ငံသည် ရှည်ကြာသော ခင်မင်ရင်းနှီးမှုနှင့် ရေရှည်အစမ်းခံနိုင်သော အပြန်အလှန် ယုံကြည်မှု တို့ရှိခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများ မည်သို့ ပြောင်းလဲသည့်တိုင်အောင် အီရန်နှင့် မဟာဗျူဟာမြောက် လက်တွဲထားသည့် တရုတ်နိုင်ငံ၏ ရပ်တည်မှုသည် အပြောင်းအလဲ မရှိကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တရုတ်နှင့် အီရန်သည် အဓိက အကျိုးစီးပွားများနှင့် စိုးရိမ်စရာကိစ္စများကို အပြန်အလှန် ကူညီအားပေးကာ မဟာဗျူဟာမြောက် ယုံကြည်မှုကို ဆက်လက် ခိုင်မာအောင် လုပ်ဆောင်သင့်သည်ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသကို တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုလမ်းပေါ်တွင် ရှိနေစေရန် နိုင်ငံတကာနှင့် ဒေသတွင်း အသိုင်းအဝိုင်းများအကြား ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံသည်ဟု ရှီကျင့်ဖျင်က ဆိုသည်။

တရုတ်နိုင်ငံသည် အီရန်အား ဒေသတွင်း တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးတွင် ပါဝင်မှုကို အားပေးထောက်ခံပြီး ဒေသတွင်းကိစ္စရပ်များနှင့်ပတ်သက်၍ အနီးကပ် ဆက်သွယ်ဆောင်ရွက်ရန် လိုလားသည်ဟုလည်း ရှီကျင့်ဖျင်က ပြောကြားသည်။

ဘေဂျင်းခရီးစဉ်တွင် လွှတ်တော်ဥက္ကဋ္ဌ အလီလာရီဂျာနီနှင့်အတူ အီရန်ရေနံဝန်ကြီး ဘီဂျန်ဇန်ဂါနက်၊ နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်တို့လည်း လိုက်ပါလာကြသည်။ 

F-04