News

POST TYPE

LATEST NEWS POST

ဘင်္ဂလားဒေ့ရှ် ဒက္ကားရှေးဟောင်းရပ်ကွက် မီးလောင်မှုတွင် အမြောက်အမြား သေဆုံး
22-Feb-2019



ဒက္ကား၊ ဖေဖော်ဝါရီ ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက္ကား၏ ရှေးဟောင်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၆၉ ဦး သေဆုံးခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အလွှာတစ်ခုတွင် မီးလောင်နိုင်သော ဓာတုပစ္စည်းများ သိုလှောင်ထားသည့် အထပ်မြင့် လူနေတိုက်ခန်း အဆောက်အအုံသည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးသည် အနီးအနားရှိ အဆောက်အအုံများသို့ မြန်ဆန်စွာ ကူးစက်လောင် ကျွမ်းခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။

မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီဟု တာဝန်ရှိသူများက ကြာသပတေးနေ့ နံနက်တွင် ဘီဘီစီသို့ ပြောကြားသည်။ 

မီးလောင်မှုသည် ဂက်စ်အိုးမှ စတင်လောင်ကျွမ်းကာ မြန်ဆန်စွာ ကူးစက်သွားသည်ဟု မီးသတ်ဌာနက ပြောကြားသည်။

အဆောက်အဦး၏ မြေညီထပ်တွင် ဆိုင်ခန်းများကို အငှားချထားပြီး ပထမထပ်တွင် ပလပ်စတစ်ပစ္စည်းများ၊ မိတ်ကပ်ပစ္စည်းများ၊ ရေမွှေးများကို သိုလှောင်ထားကာ အခြားအထပ်များတွင် အိမ်ထောင်စုများစွာ နေထိုင်ကြသည်ဟု ပြည်တွင်း သတင်းဌာန BDNews24 က ပြောကြားသည်။

နှစ်ပေါင်းရာချီနေသော ချော့ဘဇား ရပ်ကွက်သည် အလွန်ကျဉ်းမြောင်းသော လမ်းကျဉ်းလေးများသာရှိပြီး လူနေအိမ်များမှာ တစ်အိမ်နှင့်တစ်အိမ် လက်မအနည်းငယ်သာ ကွာသည်ဟု သိရှိရသည်။

“မီးလောင်တဲ့အချိန်မှာ ယာဉ်ကြောတွေ ပိတ်ဆို့နေတယ်။ မီးကူးစက်လောင် ကျွမ်းတာက လူတွေ ထွက်ပြေးချိန်မရ လောက်အောင် မြန်လွန်းတယ်”ဟု မီးသတ်ဌာနမှူး အလီအာမက်က ပြောကြားသည်။

သေဆုံးသူများမှာ အဆောက်အအုံတွင် နေထိုင်သူများသာမကဘဲ စားသောက်ဆိုင်သို့လာသော ဧည့်သည်များနှင့် မင်္ဂလာဧည့်ခံပွဲသို့ လာသူများလည်း ပါဝင်သည်ဟု ရဲမင်းကြီး အီဘရာဟင်ခန်းက ပြောကြားသွားသည်။

သေဆုံးသူများသည် အဆောက်အအုံအတွင်း ပိတ်မိကာ မီးထဲမှ မလွတ်နိုင်တော့ခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။

မီးလောင်မှုတွင် ၎င်း၏ဈေးဆိုင် ဆုံးရှုံးသွားခဲ့ရသော အဗ္ဗဒူခါတာက “ကျွန်တော်ဆေးဆိုင်ကို သွားနေလို့ သီသီလေး လွတ်သွားတာ။ ဆေးဆိုင်ကို ရောက်နေတုန်း ပေါက်ကွဲသံ ကြားလိုက်ရတယ်”ဟု ပြောကြားသည်။

“ကျွန်တော့်ဆိုင်ကို ပြန်ပြေးတော့ တစ်လမ်းလုံး မီးလောင်နေပြီ။ ကျွန်တော်လည်း မီးဟပ်သွားလို့ ဆေးရုံကို အမြန်သွားပြရတယ်”ဟု ၎င်းက ပြောကြားသည်။

အဆောက်အအုံ ဘေးကင်းလုံခြုံရေး စည်းကမ်းများ လိုက်နာမှုမရှိသော ဘင်္ဂလားဒေ့ရှ်တွင် ၂၀၁၃ ခုနှစ်ကလည်း ရာနာပလာဇာဟု ခေါ်သော အထည်ချုပ် စက်ရုံအဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း ၁၁၀၀ ကျော် သေဆုံးခဲ့ရသည်။ 

F-04