News

POST TYPE

LATEST NEWS POST

အိန္ဒိယနယ်စပ်တွင် မြန်မာတပ်မတော်က လုံခြုံရေးတိုးမြှင့်ထားခြင်းမရှိဟု ဆို
20-Feb-2019

စစ်တွေ၊ ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့၌ AA နှင့် တိုက်ပွဲ ဖြစ်ပွားနေသော်လည်း အိန္ဒိယ - မြန်မာနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ချထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အိန္ဒိယ- မြန်မာနယ်စပ်မှာတော့ လုံခြုံရေးအရေအတွက် သီးသန့်တိုးမြှင့် လိုက်တာမရှိပါဘူး။ ပလက်ဝဘက်မှာ ဖြစ်နေတယ်ဆိုတော့ သူတို့ဘက်က လုံခြုံရေး တိုးချထားနိုင်တယ်။ ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကတော့ ကောင်းပါတယ်၊ ပုံမှန်လမ်းကြောင်းကနေ ဆက်ဆံနေတာတွေရှိတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများသည် ယခင်က ထိတွေ့တိုက်ပွဲများ ဖြစ်သော်လည်း ယခုနှစ် ထူးခြားလာသည်မှာ ကားလမ်းမတို့တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

ချင်းပြည်နယ် လွှတ်တော် ပလက်ဝ မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကံတင့်ကမူ ပလက်ဝမြို့နယ်အတွင်း၌လည်း မြန်မာတပ်မတော်က တပ်ရင်း ၅ ခု တိုးမြှင့်ချထားကြောင်း အတည်ပြုပြောကြားသည်။“အရင်က ပလက်ဝမှာ တပ်မ ၆၆ တစ်ခုပဲရှိတာ၊ ကျွန်တော်တို့မြို့နယ်မှာ ချထားရင် နယ်စပ်တစ်လျှောက် ချထားတာနဲ့ အတူတူပဲ၊ တိုက်ပွဲကတော့ နေရာ ကွက်ကျား ဖြစ်နေတာ” ဟု ၎င်းက ရှင်းပြသည်။

ပလက်ဝမြို့နယ် အထက်ပိုင်း ဥဿလင်းချောင်းဒေသ ကျွန်းချောင်းဝ၊ ခမောင်းဝ စသည့်ဒေသတို့တွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေ၍ စစ်ဘေးရှောင် ပလက်ဝမြို့ အနီးရှိ နှမဒါကျးရွာအုပ်စုသို့ အိမ်ထောင်စု ၂၀ တိမ်းရှောင်လာကြကြောင်း ပလက်ဝ မြို့ခံတစ်ဦးက ဆိုသည်။

“အဲဒီဘက်တွေမှာ လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေလို့တောင် ပြောကြတယ်။ စစ်ရှောင်တွေကတော့ တစ်နေရာတည်း မဟုတ်ဘူး။ စစ်ရှောင်တွေကတော့ အကူအညီလည်း မတောင်းဘူး၊ သူတို့မှာ ပါတာနဲ့ သူတို့ စားသောက်နေကြတယ်။ နောက်တော့ ဘယ်လိုဖြစ်မလဲမသိဘူး” ဟု ၎င်းက ဆက်၍ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်း အချိန်တွင် မြောက်ဦးမြို့နယ် မြောက်ပိုင်း ရမ်းချောင်းအထက်ပိုင်းဒေသ ရန်အောင်ကျေးရွာအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားသော နေရာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် နယ်စပ် ဒေသတစ်ခုလည်းဖြစ်သည်။

R-22