News

POST TYPE

LATEST NEWS POST

မန္တလေးတိုင်းလွှတ်တော်ဥပဒေများ လေ့လာသုံးသပ်ပြင်ဆင်ဖွဲ့စည်းရေးအဖွဲ့ ဖွဲ့မည်
19-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းလွှတ်တော်တွင် ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ဖွဲ့စည်းရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း ယင်းလွှတ်တော်ထံမှ သိရသည်။

မန္တလေးတိုင်းအတွက်လိုအပ်သည့် ဥပဒေကြမ်းများရေးဆွဲနိုင်ရန်နှင့် ပြဌာန်းပြီးသော နည်းဥပဒေများကို ခေတ်နှင့် လျော်ညီစွာပြင်ဆင်ဖြည့်စွက်နိုင်ရန် ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ဖွဲ့စည်းရေးအဖွဲ့အတွက် အမည်စာရင်းကို လွှတ်တော်သို့တင်ပြရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။

အဆိုပါအဖွဲ့သည် တိုင်းဒေသကြီးအတွင်း၌ ပြဌာန်းထားသော တည်ဆဲဥပဒေများကို လိုအပ်သလို ပြန်လည်လေ့လာ၍ ခေတ်ကာလနှင့် မလျော်ညီသော လိုအပ်ချက်ရှိသည့် အပိုင်းများကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း ယင်းအဖွဲ့က လေ့လာသုံးသပ်ရရှိသည့် ဥပဒေပါအချက်အလက်များကို ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ ပြန်လည်တင်ပြပေးရမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် လျာထားခန့်အပ်ခံထားရသူ ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲစုဝေက ပြောကြားသည်။

“ကော်မတီအဖွဲ့အလိုက် သက်ဆိုင်ရာဥပဒေကို လေ့လာနေတော့ ပြန့်ကျဲနေသလိုဖြစ်နေတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး ကိုယ့်သက်တမ်းအတွင်း ပြီးအောင်လုပ်ချင်တော့ ဥက္ကဋ္ဌကြီးက အားလုံးကို စုစည်းပြီး အဖွဲ့အစည်းတစ်ရပ်ဖွဲ့ပေးလိုက်တာဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ဖွဲ့စည်းရေးအဖွဲ့တွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၉ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့ ပါဝင်မည်ဖြစ်သည်။

NLD အစိုးလက်ထက်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သက်တမ်း ၃ နှစ်ကျော်ကာလအတွင်း ပြင်ဆင်ပြဌာန်းခဲ့သည့် ဥပဒေ ၁၀ ခုရှိသည့်အနက် ၉ ခုသည် ဒေသန္တရစီမံကိန်းဥပဒေများနှင့် ဘဏ္ဍာခွဲဝေသုံးစွဲမှုဥပဒေများသာဖြစ်ပြီး ကျန်တစ်ခုသည် စည်ပင်သာယာရေးဥပဒေဖြစ်ကြောင်း ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းဝက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

M-08