News

POST TYPE

LATEST NEWS POST

ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်းကျော် တင်ပို့နိုင်
19-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ၁၀ လတာကာလအတွင်း တန်ချိန်နှစ်သန်းကျော် တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ဆန်နှင့် ဆန်ကွဲမက်ထရစ်တန်ချိန် နှစ်သန်းကျော်တင်ပို့ထားပြီး တင်ပို့ငွေအမေရိကန်ဒေါ်လာ ၆၆၄ သန်းကျော် ရရှိထားခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူ တင်ပို့မှုပမာဏအောက် တန်ချိန်ကိုးသိန်းကျော်လျော့ကျနေပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ စပါးအတိုင်းတရားမဝင်တင်ပို့ခြင်း၊ ပြည်ပနိုင်ငံများမှ ဝယ်ယူမှုလျော့နည်းသွားသည့် အခြေအနေများကြောင့် ပြည်ပသို့ တန်ချိန်နှစ်သန်းခွဲခန့်သာ တင်ပို့နိုင်မည်ဟု ဆန်ကုန်သည်များက ခန့်မှန်းထားကြသည်။

“မြန်မာနိုင်ငံက ဆန်တင်ပို့မှုရဲ့ ငါးဆယ်ရာခိုင်နှုန်းဖြစ်တဲ့ တရုတ်ကလည်း ခုနစ်ဆယ့်ငါးရာခိုင်နှုန်းလောက် လျော့သွားတဲ့အတွက် သိသိသာသာကျသွားတာပါ။ တရုတ်က အိန္ဒိယကဆန်ကို အစိုးရချင်းဝယ်ဖို့လည်း ကမ်းလှမ်းထားတယ်” ဟု ဆန်ကုန်သည် ဦးထင်ဇော်လှိုင်က သုံးသပ်ပြောကြားသည်။

ယခု ၂၀၁၉ ခုနှစ်အတွက် စပါးတင်းတစ်ရာလျှင် အနိမ့်ဆုံးဈေးပေးဝယ်ယူရမည့် စပါးအခြေခံဈေးနှုန်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အကြောင်းအမျိုးမျိုးကြောင့် မထုတ်ပြန်နိုင်သေးခြင်းဖြစ်ပြီး နွေစပါးပေါ်ချိန်အမီထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စပါးတင်းတစ်ရာလျှင် ကျပ်ငါးသိန်းဖြင့် အခြေခံဈေးနှုန်းထား၍ဝယ်ယူရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၄- ၁၅ ဘဏ္ဍနှစ်က ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၈ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၄ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၇ သန်းနှင့် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းခန့်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

J-11