News

POST TYPE

LATEST NEWS POST

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့်တွေ့ဆုံခြင်း
18-Feb-2019
အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း နေ့အပူချိန်များမြင့်တက်လာပြီး သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ကြုံတွေ့ရမည်ဖြစ်ရာ ဒေသအလိုက် ရေရှားပါးနိုင်မှု အခြေအနေများနှင့် ရေရှားပါးမှု ဖြစ်ပေါ်လာပါက အချိန်မီဖြန့်ဝေပေးရန် ကြိုတင်စီမံဆောင်ရွက်ထားမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဒီနှစ်က အယ်နီညို ရာသီဥတုဆိုတော့ မြန်မာ နိုင်ငံတစ်ဝန်းလုံးမှာ ကျေးရွာပေါင်း ဘယ်လောက်လောက် ရေရှားပါးမှုပြဿနာကို ကြုံတွေ့ရနိုင်သလဲ။
UKZ : ရေကန်ကို အဓိက အသုံးများတဲ့ဒေသတွေက ပိုခန်းနိုင်တယ်။ အယ်နီညိုဖြစ်ရင်တော့ မြန်မြန်ခန်းနိုင်တာပေါ့။ ရခိုင်တို့၊ ဧရာဝတီတို့၊ ပဲခူးတို့နဲ့ အပူပိုင်းဇုန်မှာလည်းရှိတယ်။ မျှော်မှန်းထားတာကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကတော့ ရွာ ၂၀၀ လောက် ရေရှားနိုင်တယ်လို့ ခန့်မှန်းထားတယ်။

Voice : သောက်သုံးရေ ရှားပါးပြတ်လပ်မှု ပြဿနာကို ဖြေရှင်းဖို့အတွက် ဌာနအနေနဲ့ ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ။
UKZ : စီမံထားတယ်။ ဖြစ်လာနိုင်မယ့်ဟာကို မျှော်မှန်းထားပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဆောင်ရွက်နေတာတွေရှိတယ်။ ရွာပေါင်း ၂၀၀ သောက်သုံး ရေရရှိရေးအတွက် ရှိတဲ့ရန်ပုံငွေတွေ၊ အလှူရှင်လေးတွေနဲ့၊ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ရွာ ၂၀၀ လုံးတော့ မဟုတ်ဘူး။ ရွာ ၁၀၀ လောက်တော့ Ongoing လုပ်လို့ရနေတယ်။ အခုပြောတာကတော့ ဘတ်ဂျက်မှာမပါတာကို ပြောတာ။ ရွာ၂၀၀၀ လောက်ကတော့ ဘတ်ဂျက်နဲ့ ပုံမှန်လုပ်နေတာရှိတယ်။ နောက်တစ်ခုက ရေသန့်စင်ကားက တစ်နိုင်ငံလုံးမှာ ၁၀ စီးရှိတယ်။ အရေးပေါ်ကြုံလာရင် ရေငန်ကလွဲလို့ မြစ်ချောင်း အင်းအိုင်ကရေတွေကို သန့်စင်ပေးလို့ရတယ်။ ဒီနှစ်တော့ ရေကားအစီး ၂၀ လောက် ဝယ်ထားတယ်။ ရေကားတွေလည်း အဆင်သင့် လုပ်ထားတယ်။ အဲဒါကတော့ ကြိုတင်စီမံထားတာပေါ့။

Voice : အရင်နှစ်တွေတုန်းကတော့ ကျေးရွာပေါင်း ၅၀၀ ကျော်လောက် ရေရှားပါးပြတ်လပ်မှု ကြုံတွေ့ခဲ့ရတယ်။ အခုက ရွာ ၂၀၀ လောက်ဆိုတော့ နည်းသွားတာလား။ ဘယ်လိုမျိုး တွက်ချက်ထားတာပါလဲ။ 
UKZ : တစ်နှစ်တစ်နှစ်ကို ရွာနှစ်ထောင်လောက် လုပ်ခဲ့တာဆိုတာ နည်းသွားတာပေါ့။ ပြန်ကြည့်ရင်၂၀၁၄- ၂၀၁၅ လောက်တုန်းက ကျေးရွာပေါင်း ၈၀၀ လောက်ရှိတယ်။ နောက်ပိုင်း ၅၀၀၊ ၃၀၀ နဲ့ တဖြည်းဖြည်း နည်းနည်းလာတယ်။ အခုနှစ်မှာတော့ ၂၀၀ လောက်ပဲ ရှိတော့တယ်ပေါ့။ အခုလည်း ပိုလည်းဖြစ်နိုင်သလို ဖြစ်ချင်မှလည်း ဖြစ်နိုင်တယ်။ ခန့်မှန်းဆိုတာက မြေပြင်အခြေအနေ အချက်အလက်တွေကိုကြည့်ပြီး ကန်ရေပဲ သုံးတဲ့အခါကျတော့ ပမာဏက အကန့်အသတ်က ရှိပြီးသားလေ။ အပူချိန်ပြင်းရင် ရေငွေ့ပျံတာတို့ မိုးနောက်ကျတာတို့ တဖြည်းဖြည်းနဲ့ မိုးမကျခင်ခန်းတာတို့ ဖြစ်လေ့ဖြစ်ထရှိတာကတော့ လက်တူးတွင်းတို့၊ တွင်းတိမ်တို့ အတိမ်လေးတွေက ရေစုပ်သွားတတ်တယ်။ ခန်းတတ်တယ်။ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားပါတယ်။

Voice : ဒီနှစ်မှာရော ဘယ်ဒေသတွေက သောက်သုံး ရေ ရှားပါးမှုကို အခက်အခဲဆုံး ရင်ဆိုင်ရနိုင်မလဲ။
UKZ : သူက ပြောရတော့ ခက်တယ်။ ဧရိယာအရပြောမယ်ဆိုရင် အပူပိုင်းဇုန်မှာ တွင်းနက်တွေ အများစုရှိတယ်။ ရေကန်သာ ခန်းသွားပေမယ့် တွင်းပေါတယ်။ ရာခိုင်နှုန်းအားဖြင့် အများစုကတော့ တွင်းတွေရှိနေကြတယ်။ တချို့ကျတော့လည်း တွင်းမရှိဘဲ ကန်ကြီးပဲရှိတဲ့နေရာတွေ ရှိတယ်။ ဧရာဝတီမှာဆိုရင် လပွတ္တာဘက်တို့၊ ပြင်စလူဘက်တို့ နောက် ရခိုင်ဘက်တွေတို့ အခက်အခဲရှိတဲ့နေရာတွေကတော့ သူ့နေရာနဲ့သူ ရှိတတ်ပါတယ်။ 

Voice : ဒီနှစ်အတွက် ရေအခက်အခဲကို ကြိုတင်ပြင်ဆင်ထားတယ်ပေါ့နော်။ ဒီပြင်ဆင်ထားမှုက လုံလောက်မှု ရှိနိုင်ပါမလား။ 
UKZ : ပြဿနာမရှိပါဘူး။ တစ်နေရာမှမရှိရင် ရှိတဲ့နေရာကနေယူပြီး ဖြန့်ဝေပေးမှာပါ။ ကျွန်တော်တို့က အခုမှလည်း ကြုံဖူးတာမဟုတ်ဘူး။ ဟိုပြီးခဲ့တဲ့ ၂၀၁၅ လောက်တည်းက ကြုံနေရတာဆိုတော့ နောက်တစ်ခု ကျွန်တော်တို့ အဆင်သင့်ဖြစ်နေတာက ရေသန့်စင်ကားတွေ ရှိနေပြီ။ အရင်တုန်းက မရှိဘူး။ ဒါက အားသာတယ်။ နောက်ဖြန့်ဝေရေး ရေကားတွေ အရင်တုန်းက သူများအား ကိုးနေရတယ်။ အခုကတော့ ကိုယ့်ဟာကိုယ် ဖြန့်ဝေနိုင်တယ်။ ကြိုတင်ပြင်ဆင်ထားတဲ့အတွက် အဆိုးရွားကြီး မရှိနိုင်ပါဘူး။ အဓိကကတော့ အရမ်းကြီး အပူချိန်ပြင်းတာ မိုးနောက်ကျတာမျိုး တအားကြီး မဖြစ်ဖို့တော့ လိုပါတယ်။

Voice : ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပြည့်ဖြိုးလင်း