News

POST TYPE

LATEST NEWS POST

အသေးစားဓာတ်သတ္တုနှင့် လက်လုပ်လက်စားလုပ်ကွက် ၁၆၀ ခန့်လျှောက်
17-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းအတွင်း ဓာတ်သတ္တုအသေးစားလုပ်ကွက်နှင့် လက်လုပ်လက်စားလုပ်ငန်းများချထားပေးရန် လျှောက်လွှာခေါ်ထားရာတွင် ၁၆၀ ဦးခန့်လာရောက်လျှောက်ထားကြောင်း ယင်းတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း ဓာတ်သတ္တုအသေးစားထုတ်လုပ်ခြင်းနှင့် လက်လုပ်လက်စားလုပ်ငန်းများ၊ ဓာတ်သတ္တု စမ်းသပ်တိုင်းတာခြင်း၊ ဓာတ်သတ္ထုဆင့်တက် ပြုပြင်ခြင်းလုပ်ငန်းများ၊ ဝယ်ယူခြင်းနှင့် ရောင်းချရေး လုပ်ငန်းများလုပ်ကိုင်ရန် တိုင်းဒေသကြီးလုပ်ကွက်များစိစစ်ချထားရေးကော်မတီက လျှောက်လွှာများကို ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်ခေါ်ယူခဲ့ရာ လျှောက်လွှာ ၁၆၀ အထိလာရောက်လျှောက်ထားကြောင်း ယင်းဝန်ကြီးဋ္ဌာနထံမှ သိရသည်။

အဆိုပါလျှောက်လွှာများကို အမြန်ဆုံးချထားပေးရန် လုပ်ဆောင်မည်ဖြစ်ကြောင်း လတ်တလော ပြည်ထောင်စုနှင့်သက်ဆိုင်သည့် လုပ်ကွက်များကို တိုင်းဒေသကြီးသို့ မှားယွင်းလျှောက်ထားလာပါက ချက်ချင်းအကြောင်းပြန်ကြားပေးပြီး တိုင်းအစိုးရအဖွဲ့လုပ်ပိုင်ခွင့်ရှိသည့် နေရာများတွင် လိုအပ်ချက်များရှိပါက ပြန်လည်တင်ပြအကြောင်းကြားပေးကြောင်း ယင်းဌာနဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

"အချက်အလက်ပြည့်စုံတဲ့ လျှောက်လွှာတွေဆို အမြန်ဆုံးချထားပေးဖို့လုပ်နေတယ်။ တစ်ပတ်တစ်ခါ မဟုတ်ဘူး။ တစ်ပတ်မှာနှစ်ခါ အစည်းအဝေးထိုင်ရင်လည်းထိုင်တယ်" ဟု ၎င်းက ပြောကြားသည်။

အသေးစားသတ္ထုတွင်းလုပ်ကွက်များကို သက်တမ်းငါးနှစ်နှင့် လက်လုပ်လက်စားလုပ်ကွက်များကို တစ်နှစ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း ဓာတ်သတ္တုအမျိုးအစား ၁၂ မျိုးထွက်ရှိရာတွင် ဓာတ်သတ္တုလုပ်ကွက်များကို စက်မှုတွင်းထွက်ကုန်ကြမ်း၊ ရိုးရိုးသတ္တုနှင့် အထူးသတ္တုဟူ၍ လုပ်ငန်းအမျိုးအစားခွဲခြား၍ ခွင့်ပြုပေးကြောင်း မန္တလေးတိုင်း သတ္တုတွင်းဦးစီးဌာနထံမှ သိရသည်။

M-08