News

POST TYPE

LATEST NEWS POST

ရော်ဘာဈေး အနည်းငယ်ပြန်တက်
17-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တရုတ်ဝယ်လိုအားတက်လာပြီး ကမ္ဘာ့ရော်ဘာပေါက်ဈေး တက်လာသည့်အတွက် ပြည်တွင်းရော်လာဈေးနှုန်းမှာ အနည်းငယ်ပြန်တက်လာကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရသည်။

ယခင်နှစ်က ရော်ဘာတစ်ပေါင်ဈေးနှုန်းမှာ ကျပ် ၆၉၀ နှင့် ၇၀၀ အထိသာရရှိပြီး ယခုနှစ်စပိုင်းမှစ၍ ကျပ် ၇၅၀ အထိ ပြန်တက်လာခဲ့ကြောင်း ရော်ဘာကုန်သည် ဦးစိုးဝင်းက ပြောကြားသည်။

"တရုတ်ရဲ့ဝယ်လိုအားက အရင်နှစ်ကနဲ့ယှဉ်ရင် တန်ချိန် နှစ်သောင်းနီးပါး ပိုဝယ်တယ်။ ပြည်တွင်းဈေးက ရှန်ဟိုင်းတို့၊ ထိုင်းတို့၊ ဂျပန်တို့ရဲ့ ဈေးကို ကြည့်ရတယ်။ သူတို့ဆီမှာ ဈေးတက်ရင် ပြည်တွင်းမှာလည်းဈေးတက်တယ်" ဟု ၎င်းက ပြောဆိုသည်။

လတ်တလော ဈေးအရမ်းမရသော်လည်း အရည်အသွေး ကောင်းမွန်စွာထုတ်လုပ်နိုင်ပါက ဈေးအမြင့်ရနိုင်သောကြောင့် သဲနှင့် ခဲလုံးများမပါဝင်စေရန် သတိထားသင့်ကြောင်း ရော်ဘာစိုက်ပျိုးသူ ဦးခင်မောင်မြင့်က ပြောကြားသည်။

"ရော်ဘာလုပ်ငန်းရှင် တော်တော်များများမှာ မှိုင်းခံစက်ရုံတွေ မရှိကြဘူး။ စက်ရုံထောင်ဖို့အတွက် ငွေချေးရင်လည်း အတိုးများများ ပေးရတယ်။ ဒီတော့ ကွာလတီဆိုတဲ့ဟာ မမီဘူး။ ဒါကြောင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူတွေမှာ ဈေးနိမ့်လည်း ထိုးရောင်းနေရတယ်" ဟု ၎င်းကဆိုသည်။

ပြည်တွင်းရော်ဘာထွက်နှုန်း၏ ၇၀ ရာခိုင်နှုန်းကို တရုတ်သို့တင်ပို့ပြီး အခြားသော ၂ဝ ရာခိုင်နှုန်းကို ဂျပန် နှင့် စင်ကာပူတို့ကို တင်ပို့ကာ ကျန် ၁ဝ ရာခိုင်နှုန်းကို ပြည်တွင်းကားတာယာထုတ်သည့် လုပ်ငန်းများတွင် အသုံးပြုကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းထံမှ သိရသည်။

J-13