News

POST TYPE

LATEST NEWS POST

အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန် ရှမ်းရှိ စစ်ဘေးရှောင်များက အစိုးရထံတောင်းဆို
17-Feb-2019

KBC စစ်ရှောင်စခန်းတစ်နေရာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် Kachin Baptist Convention (KBC) စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ အလုပ်လက်မဲ့ဘဝဖြစ်နေရာ အစိုးရအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးစေလိုကြောင်း စစ်ရှောင်ပြည်သူများက တောင်းဆိုသည်။

“ဘာပဲဖြစ်ဖြစ် ကိုယ်ကဝင်ငွေရအောင် လုပ်ကိုင်စားသောက်နိုင်မယ်ဆိုရင်တော့ ပိုပြီးအရေးကြီးတာပေါ့။ အဲဒါကြောင့် ဝင်ငွေရတဲ့ လုပ်ငန်းကို ပံ့ပိုးနိုင်၊ ကူညီနိုင်မယ့်အဖွဲ့တွေ မရှိရင် အစိုးရဘက်ကပဲဖြစ်ဖြစ် ဝင်ငွေရမယ့် လုပ်ငန်းကို သင်တန်းပေးတာတို့ ထောက်ပံတာတို့ရှိရင် ကောင်းတာပေါ့ " ဟု KBC စခန်းတွင် နေထိုင်သော ကချင်အမျိုးသမီး ဒေါ်ရွယ်ဆန်းက ပြောကြားသည်။

KBC စစ်ရှောင်စခန်းတွင် နေထိုင်သူအများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ပြီး အမျိုးသားတချို့မှာ တရုတ်နိုင်ငံသို့သွားရောက်ပြီး ကျပန်းအလုပ်များ လုပ်ကိုင်နေရကြောင်း ၎င်းက ဆိုသည်။

ယင်းစစ်ရှောင်စခန်းတွင် နေထိုင်သူများ၏ စားဝတ်နေရေးအခက်အခဲအတွက် သက်ဆိုင်ရာအစိုးရမှ စိုက်ပျိုးမြေနေရာချထားပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း နမ္မတူမြို့နယ် အာဏာပိုင်များနှင့် အရပ်ဘက်များ ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ရှောင်ကူညီရေးကော်မတီထံမှ သိရသည်။

“ သူတို့ လုပ်ကိုင်စားသောက်မယ့် မြေနေရာကို ရှာထားပြီးပါပြီ။ ကြူဆော့စခန်းကနေသွားရင် နာရီဝက်လောက်ကြာတဲ့ ရွာတစ်ရွာမှာပေါ့။ အဲ့ရွာအနီးတဝိုက်မှာ မြေချထားပေးဖို့ တိုင်းတာပြီးပြီ။ ဒါပေမဲ့ ကျွန်တော်တို့ အထက်လူကြီးကို တင်ပြရဦးမယ်။ အထက်က ချပေးပြီး ခွင့်ပြုတော့မှ အိမ်ထောင်တစ်စုကို မြေဘယ်လောက်ပေးမယ်ဆိုတာ သိရမှာ ” ဟု ယင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောဆိုသည်။

နမ္မတူမြို့နယ် ဧရိယာအတွင်းတွင် ကချင်တိုင်းရင်းသားအများစုခိုလှုံနေသည့် KBC (Kachin Baptist Convention) စခန်း၊ ရှမ်းတိုင်းရင်းသားများ ခိုလှုံသည့် ကြူဆော့စခန်း၊ လီဆူတိုင်းရင်းသားများ နေထိုင်သည့် လီဆူစခန်းနှင့် ပလောင်တိုင်းရင်းသားများနေထိုင်သည့် ပန်သပြေစခန်းတို့ဖြစ်ပြီး အဆိုပါ စစ်ရှောင်စခန်းများတွင် အိမ်ထောင်စု (၁၅၀)ကျော်မှ လူဦးရေ (၆၀၀) ကျော် ခိုလှုံနေထိုင်နေကြောင်း စစ်ရှောင်စခန်းများမှ လူဦးရေစာရင်းဇယားဖော်ပြချက်များအရ သိရသည်။

“ ဒီမှာ ဘာစီးပွားမှမရှိဘူး။ တစ်ခါတလေ သူများနေ့စားခေါ်ရင် နေ့စားလိုက်တာ ရှိတယ်။ သုံးရတာများတော့ မလောက်ဘူး။ ကိုယ့်ဒေသမှာတုန်းကတော့ တောင်ယာလုပ်ခဲ့တယ် ” ဟု KBC စစ်ရှောင်စခန်းတွင် နေထိုင်သော ကချင်အမျိုးသမီး မဘောက်အောင်က ပြောဆိုသည်။

စစ်ရှောင်စခန်းများရှိ ပြည်သူများသည် ၂၀၁၂ ခုနှစ်အတွင်းက မန်တုံမြို့နယ် မန်စံရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တိုက်ပွဲ၊ ၂၀၁၅ နောက်ပိုင်းတွင် နမ္မတူနှင့် မန်တုံမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တိုက်ပွဲ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတပ်မတော်(RCSS/SSA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြားဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ကချင်၊ ရှမ်း၊ ပလောင်နှင့် လီဆူတိုင်းရင်းသားများ နေရပ်စွန့်ခွာပြီး နမ္မတူမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းများသို့ သွားရောက်ခိုလှုံနေရခြင်းဖြစ်သည်။ 

R-01

ဓာတ်ပုံ-ကျော်စိုးမိုး