News

POST TYPE

LATEST NEWS POST

မူဆယ်တွင် ဖရဲသီးဈေးတက်
16-Feb-2019
မန္တလေး၊ ဖေဖော်ဝါရီ ၁၆

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းရှိ သစ်သီးဈေးကွက်တွင် ဖရဲသီးဈေးမြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သစ်သီးကုန်သည်များထံမှ သိရသည်။

မူဆယ်သစ်သီးဈေးကွက်အတွင်းသို့ ဖရဲသီး အဝင်နည်း၍ ပြီးခဲ့သည့်အပတ်ကထက် ဖရဲသီးတစ်တန်လျှင် ယွမ် ၄၀၀ မှ ၅၀၀ ခန့်(ကျပ် ၈၈,၀၀၀ မှ ၁၁၀,၀၀၀ ခန့်)အထိ မြင့်တက်ပြီး ဆက်လက်မြင့်တက်လာနိုင်ကြောင်း ၎င်းတို့ကဆိုသည်။

“တရုတ် အဝယ်လက်တွေက ဂျက်ဖာ ဖရဲ၊ အစေ့မဲ့နဲ့ ထိုင်ဝမ်ကို နည်းနည်း အာရုံရနေတယ်။ 855 က အသီး အဝင်အနည်းနေပေမယ့် ထင်သလောက် ဈေးမတက်လာဘူး”ဟု ခွာညိုသစ်သီး ပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောကြားသည်။

အခြားသော ဖရဲနှင့် သခွားအမျိုးအစားသည် ဈေးနှုန်းများစွာ မြင့်တက်သွားသော်လည်း ၈၅၅ အမျိုးအစား ဖရဲသီးများ၏ဈေးနှုန်းမှာ ဖြေးဖြေးချင်းသာ မြင့်တက်နေကြောင်း ၎င်းကဆိုသည်။

ဇန်နဝါရီ ၁၂ ရက်နေ့က ၈၅၅ ဖရဲသီးတစ်တန်လျှင် ၁၃၀၀ ယွမ်(ကျပ် ၂၈၆,၀၀၀)မှ ၁၈၀၀ (ကျပ် ၃၉၆,၀၀၀) အထိရှိရာမှ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ယွမ် ၁၈၀၀ (ကျပ် ၃၉၆,၀၀၀) မှ ယွမ် ၂၂၀၀ (ကျပ် ၄၈၄,၀၀၀) သို့ ဈေးနှုန်းမြင့်တက်ပြီး ထိုင်ဝမ်ဖရဲ တစ်တန်လျှင် ၂၈၀၀-၃၀၀၀ ယွမ် (ကျပ် ၆၁၆,၀၀၀ - ၆၆၀,၀၀၀)၊ အစေ့မဲ့ဖရဲတစ်တန်လျှင် ယွမ် ၃၂၀၀ - ၃၆၀၀ (ကျပ် ၇၀၄,၀၀၀ - ၇၉၂,၀၀၀)၊ ဖရဲသခွားတစ်တန်လျှင် ၂၈၀၀ - ၃၈၀၀ ယွမ်(ကျပ် ၆၁၆,၀၀၀ - ၈၃၆,၀၀၀)ဈေးရှိကြောင်း အဆိုပါ သစ်သီးဈေးကွက်အတွင်းမှ သိရသည်။

M-08