News

POST TYPE

LATEST NEWS POST

ဟင်္သာတ အကျဉ်းထောင်အတွင်း စိတ်ကြွဆေးပြားများ ဖမ်းမိ
14-Feb-2019

ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၄

ဟင်္သာတ အကျဉ်းထောင် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ သက်သေများဖြင့် အကျဉ်းထောင်အတွင်းရှိ အဆောင်များနှင့် အကျဉ်းသားများကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အကျဉ်းသားနှစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း ဟင်္သာတမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းနေ့က ထောင်အတွင်း အဆောင်အမှတ် ၄ ၏ အခန်းအမှတ် ၂ ကိုဝင်ရောက်ရှာဖွေရာ အကျဉ်းသား မင်းမင်းထွန်း(ခ) မျက်ပြူးဝတ်ဆင်ထားသော ပုဆိုးခါးပုံစအတွင်း WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၈၆ ပြားနှင့် WY စာတန်းပါ အစိမ်းရောင် စိတ်ကြွဆေးပြားနှစ်ပြား အလေးချိန် ၃၈ ဒသမ ၈ ဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့ပြင်အကျဉ်းသား မျိုးမင်းအောင်၏ အိပ်ရာဘေးမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၁၇ ပြားနှင့် အစိမ်းရောင် WY ဆေးပြား ၂ ပြား အလေးချိန် ၂၁ ဒသမ ၉ ဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဟင်္သာတမြို့မစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကို မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အသီးသီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဟင်္သာတမြို့မစခန်းထံမှ သိရသည်။

R-13