News

POST TYPE

LATEST NEWS POST

ABSDF မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ သတ်ဖြတ်ခံရမှု အမှန်တရားပေါ်ပေါက်ရေး ကော်မတီဖွဲ့
12-Feb-2019


မန္တလေး၊ ဖေဖော်ဝါရီ ၁၂

လွန်ခဲ့သည့်နှစ်ပေါင်း ၂၇ နှစ်က ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများကို တပ်မတော် ထောက်လှမ်းရေးဟု စွပ်စွဲသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်ရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကပြုလုပ်သည့် ABSDF ကျောင်းသားရဲဘော်များကျဆုံးခြင်း ၂၇ နှစ်မြောက် အမှတ်တရနေ့ အခမ်းအနားတွင် ကော်မတီဖွဲ့စည်းလိုက်သည်။

ယင်းကော်မတီကို ABSDF ကျောင်းသားရဲဘော်ဟောင်းများ၊ ကျဆုံးသွားသည့် ကျောင်းသားရဲဘော်ဟောင်းများ၏ မိသားစုဝင်များဖြင့်ဖွဲ့စည်းခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များ၊ မျိုးဆက်သစ်ကျောင်းသားများ၊ နိုင်ငံရေး အသိုင်းအဝိုင်း ပုဂ္ဂိုလ်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယနေ့အထိ ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သည့် ကျောင်းသားများကို ABSDF-NB သည် သတ်ဖြတ်ခံရသည့် ရဲဘော်များကို ကျဆုံးရဲဘော်များအဖြစ် အသိအမှတ်ပြုရန်၊ ကျဆုံးရဲဘော်များ၏ မိသားစုဝင်များက တရားစွဲဆိုခြင်းကိစ္စများနှင့် တရားစွဲဆိုထားသော မိသားစုဝင်များကို ကော်မတီသည် ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည့်အပြင် ယင်းကိစ္စများကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့်လည်း ချိတ်ဆက်၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းကော်မတီဖွဲ့စည်းရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် လွတ်မြောက် ရဲဘော်ဟောင်း ဦးညီညီကျော်က ပြောကြားသည်။

“ABSDF ကောင်းမွေကိုပဲ ယူပြီးတော့ ဆိုးမွေကိုတော့ တာဝန်ယူခြင်းမရှိပါဘူး။ ကျဆုံးသွားတဲ့ ရဲဘော်တွေကို လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေဖြစ်ခဲ့တယ်ဆိုတာကို အသိအမှတ်မပြုတာတော့ မကျေနပ်ပါဘူး။ ဒီကိစ္စဟာ အဖြေတစ်ခု ရသင့်ပြီလို့ ကော်မတီအနေနဲ့ ယုံကြည်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာပြည် မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ABSDF သည် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်လာသူ ရဲဘော်ဟောင်းတစ်ဦးဖြစ်သူ ဦးတိုးကြည်က ပြောကြားသည်။

ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် မြောက်ပိုင်းဒေသ ကော်မတီဝင် ၈ ဦး၏ လက်မှတ်များဖြင့် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)၌ ABSDF-NB ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် ၁၅ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့်နေ့ကို မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများကျဆုံးခြင်း အမှတ်တရနေ့အဖြစ် သတ်မှတ်ခဲ့သည်။

M-08