News

POST TYPE

LATEST NEWS POST

မြန်မာနိုင်ငံတစ်ဝန်း နေ့အပူချိန်များ မြင့်တက်၊ ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာနိုင်
12-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေ့အပူချိန်များတစ်ဖြည်းဖြည်းမြင့်တက်လာနေပြီး လာမည့်ရက်ပိုင်းတွင်လည်း ဒေသအချို့တွင် အချိန်အခါမဟုတ်မိုးများရွာသွန်းနိုင်ဖွယ်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မြေပြင်လေတိုက်ခတ်မှုပုံစံပြောင်းလဲနေပြီး အနောက်ဘက်မှ လေပွေလှိုင်းတစ်ခု၏အရှိန်ကြောင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစ၍ ဖေဖော်ဝါရီ ၁၇ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် မွန် - တနင်္သာရီကမ်းရိုးတန်းဒေသများတွင် မိုးအနည်းငယ်ရွာနိုင်ခြေရှိကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“ဖေဖော်ဝါရီလ ၉ ရက်နေ့လောက်ကတည်းက နေ့အပူချိန်တွေအနည်းငယ်မြင့်တက်လာနေပြီး ပြည်နယ်တိုင်းဒေသတွေမှာ ပုံမှန်နေ့အပူချိန်တွေထက် ၀.၅ ဒီဂရီကနေ ၁ ဒီဂရီစင်တီဂရိတ်အထိ ပိုပူနေတာတွေ့ရတယ်။ နေ့အပူချိန်တွေတစ်ဖြည်းဖြည်းမြင့်တက်လာနိုင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့၏ အမြင့်ဆုံးနေ့အပူချိန်မှာ ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

လာမည့်ရက်ပိုင်းတွင် ဒေသအလိုက် မိုးအနည်းငယ်ရွာသွန်းနိုင်သည့်အတွက် မိုးမလိုသည့်တောင်သူများအနေဖြင့် ကြိုတင်သတိပြုပြင်ဆင်ရန်လိုအပ်ကြောင်း မိုးလေဝသပညာရှင်များက သုံးသပ်ပြောကြားသည်။

E-03