News

POST TYPE

LATEST NEWS POST

စိုက်ပျိုးစရိတ်ချေးငွေ ဆပ်/ထုတ်ခြင်း လက်မခံ
12-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းအတွင်း မိုးရာသီချေးငွေထုတ်ချေးကာနီးမှ ချေးငွေအသစ်ယူခါနီးမှ ပိုက်ဆံပြန်ဆပ်ခြင်း (ဆပ်/ထုတ်) များကို လက်မခံကြောင်း ယင်းတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

၂၀၁၈ ခုနှစ်မိုးရာသီချေးငွေများကို တောင်သူများထံ မတ်လနောက်ဆုံးထားပေးဆပ်ရန် နှိုးဆော်ထားပြီး တောင်သူအချို့သတ်မှတ်ချိန်တွင် လာမပေးဆပ်ဘဲ ၂၀၁၉ ခုနှစ် မိုးရာသီချေးငွေများထုတ်ချေးပေးမည့် ဇွန်လမှသာ လာရောက်ပေးဆပ်ခြင်းများရှိတတ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစုက ပြောကြားသည်။

''ဒါက မှားယွင်းပြီးတော့ ဖြစ်နေတဲ့အလေ့အကျင့်ကြီးဖြစ်တယ်။ ဒီအလေ့အကျင့်ကြီးကို တိုက်ထုတ်ဖို့လိုတယ်။ မြို့နယ်ဘဏ်ခွဲတွေကို ကွင်းဆင်းပါ။ ဆောင်ရွက်ပါ။ ဆပ်/ထုတ်မရဘူးဆိုတဲ့အကြောင်းကို ရှင်းပြပါ။ ဒီနှစ်မှာ ဆပ်/ထုတ်မရဘူး။ ကောက်ခံနေတဲ့အချိန်မှာ ငွေအကြေဆပ်ဖို့တိုက်တွန်ထားတယ်'' ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းတွင် မြစ်သား၊ ရမည်သင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ သာစည်စသည့်မြို့နယ်များမှ တောင်သူများက ဆပ်/ထုတ်ပြုလုပ်ကြကြောင်း၊ ငွေချေးကာနီးမှ လာရောက်ပေးဆပ်ခြင်းများမပြုလုပ်ရန် သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲများထံ အကြောင်းကြားထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း ၂၀၁၈ ခုနှစ်မိုးရာသီစိုက်စရိတ်ချေးငွေ ကျပ်သန်းတစ်သိန်းရှစ်ထောင်ကျော် ထုတ်ချေးပေးထားရာတွင် ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ကျပ်သန်း သုံးသောင်းနှစ်ထောင်ကျော် ပြန်လည်ကောက်ခံရရှိထားပြီးဖြစ်ကြောင်း ယင်းဘဏ်၏ စာရင်းဇယားများအရ သိရသည်။

''ဦးတို့အနေနဲ့ကတော့ ဆပ်နေပြီ။ နိုင်ငံတော်က စိုက်စရိတ် ပေးတာဖြစ်တယ်။ အချိန်ကျရင် ပြန်ဆပ်ရမှာက ငါတို့တာဝန်ပေါ့။ ဒီလိုဆပ်မှလည်း စိုက်ဘဏ်က အလုပ်လုပ်လို့ရမှာပေါ့။ စိုက်စရိတ်ချေးငွေကိုယူ။ အကျိုးရှိအောင်လုပ်။ အချိန်ကျရင်တော့ ပြန်ဆပ်ဖို့တာဝန်ရှိတယ်။ ထုတ်ကာနီးကျမှ ပြန်ဆပ်ပြီး ဆပ်ထုတ်ဆိုတာကတော့ သဘာဝမကျဘူးပေါ့။ တစ်ယောက်ကစပြီး အများပါလာရင် အစိုးရကလည်း ဘာမှလုပ်မရဘူးပေါ့'' ဟု မတ္တရာမြို့နယ်ဒေသခံတောင်သူ ဦးမြင့်လွင်က ပြောကြားသည်။

M-05