News

POST TYPE

LATEST NEWS POST

သာပေါင်းတွင် ဝါးတင်ကားမှောက်၍ ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
12-Feb-2019



ပုသိမ်၊ ဖေဖော်ဝါရီ ၁၂

သာပေါင်းမြို့နယ် ကျွန်းလျားကြီးအုပ်စု သစ်ဆင်ရွာအနီး၌ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲပိုင်းက ဝါးတင်ကားတစ်စီးတိမ်းမှောက်၍ ယင်းကားပေါ်ပါလာသူ ၇ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သာပေါင်းမြို့မရဲစခန်းထံမှ သိရှိရသည်။

ကြက်သွန်ကွင်း-မကျည်းစင်လမ်းအတိုင်း သစ်ဖြူရွာဘက်မှ ကြက်သွန်ရွာသို့မောင်းလာသည့် ခြောက်ဘီးကားသည် ဝါးလုံး ၂၅၀၀ ခန့်နှင့် ခရီးသည်များကို တင်မောင်းလာစဉ် သစ်ဆင်ရွာအနီးကုန်းအဆင်းတွင် ဘရိတ်ပေါက်ပြီး ကားနောက်ဘီး လမ်းညာဘက်ဘေးရေမြောင်းထဲကျကာ မှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ သိရှိရသည်။

ဝါးကားမှောက်၍ ယင်းမြို့နယ် ထောက်ကြံ့ကွင်းရွာနေ ဦးပေါက်စ (၅၅ နှစ်)၊ ဦးစိုးမင်းအောင် (၃၂ နှစ်)၊ ဒေါ်ခင်ဝင်း (၅၅ နှစ်)၊ လဟာဂမုံးရွာနေ ကိုအောင်သိန်းထွန်း (၂၉ နှစ်)၊ ကိုအေးမင်းထွေး (၂၉ နှစ်)၊ မဝင်းဝင်း (၂၇ နှစ်)၊ မဇာဇာဖြိုး (၃ နှစ်) တို့မှာ ကားမှောက်သည့်နေရာ၌ပင် သေဆုံးခဲ့ကြောင်း ယင်းရဲစခန်းရဲအရာရှိက ပြောသည်။



ကျန်ခြောက်ဦးမှာ ခေါင်း၊ လက်၊ ခြေထောက်၊ မေးစေ့၊ နဖူး၊ ဝမ်းဗိုက်တို့တွင် ဖူးယောင်၊ ပေါက်ပြဲ၊ စုတ်ပြတ်ဒဏ်ရာများအသီးသီးရရှိ၍ ဆေးကုသမှုခံယူလျက်ရှိပြီး စိုးရိမ်ဖွယ်မရှိကြောင်း ဒဏ်ရာရသူများကို ဆေးရုံသို့ကားဖြင့်ပို့ပေးသည့် သာပေါင်းမြို့ကရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။

လူသေဆုံးသည့်အထိ ယာဉ်ကိုပေါ့ဆစွာမောင်းနှင်သော သာပေါင်းမြို့နယ် ငဝန်ကြို့ကုန်းကျေးရွာနေထိုင်သူ အသက် ၃၇ နှစ်ရှိ ဦးမျိုးမင်းဌေးကို သာပေါင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က)၊ ၃၃၇၊ ၃၃၈ ဖြင့် အမှုရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

R-12

ဓါတ်ပုံ-ရဲတပ်ဖွဲ့