News

POST TYPE

LATEST NEWS POST

မွတ်ဆလင်များအား စုစည်းထိန်းသိမ်းထားသောစခန်းများကို ပိတ်ရန် တရုတ်ကို တူရကီပြောကြား
12-Feb-2019



အန်ကာရာ၊ ဖေဖော်ဝါရီ ၁၁

တရုတ်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင် အူဂါလူမျိုးများအပေါ် ပြုမူဆက်ဆံပုံသည် လူသားမျိုးနွယ်အရေးတွင် ရှက်စရာကောင်းသည်ဟု တူရကီနိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

နာမည်ကျော် အူဂါလူမျိုး ဂီတပညာရှင် အချုပ်ခန်းအတွင်း သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်တင်စွပ်စွဲမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မွတ်ဆလင်အူဂါလူမျိုးများအား အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းစခန်းများကို ပိတ်သိမ်းရန် တူရကီနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားသည်။

“အူဂါတပ်ခ် လူမျိုးတွေအပေါ် အာဏာပိုင်တွေက စနစ်တကျ ချိုးနှိမ်နေတဲ့ မူဝါဒဟာ လူသားမျိုးနွယ်စုအရေး ရှုဒေါင့်ကနေကြည့်ရင် ရှက်ဖွယ်လိလိ ဖြစ်ပါတယ်”ဟု တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟာမီအက်ဆွိုင်းက စနေနေ့တွင် ထုတ်ပြန်ကြေညာသည်။

အန်ကာရာရှိ တရုတ်သံရုံးက တူရကီအစိုးရ၏ မှတ်ချက်များကို လက်မခံနိုင်ကြောင်းနှင့် စွပ်စွဲချက်များကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုကြောင်း တုံ့ပြန်ကြေညာခဲ့သည်။

ဘေဂျင်းသည် ၂၀၀၉ ခုနှစ်က အူဂါ အုံကြွမှုဖြစ်ပေါ်ပြီးနောက်ပိုင်း အနောက်မြောက်ဒေသ ရှင်ကျန်းပြည်နယ်တွင် လုံခြုံရေးနှင့် အကဲခတ်စောင့်ကြည့်ရေး အစီအမံများကို တိုးမြှင့်ခဲ့သည်။ 

ဘာသာရေး အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန်နှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ပေါင်းစည်း နေထိုင်နိုင်စေရန်အတွက်ဟု အကြောင်းပြကာ အသက်မွေးဝမ်းကျောင်း ပညာသင်စခန်းဟု အမည်ပေးထားသော ထိန်းသိမ်းရေး စခန်းများကို အာဏာပိုင်များက ထူထောင်ခဲ့ကြသည်။

အဆိုပါစခန်းများတွင် ဆန္ဒမပါဘဲ ထိန်းသိမ်းခံနေရသော အူဂါလူမျိုးနှင့် တူရကီစကားပြော မွတ်ဆလင်မျိုးနွယ် အရေအတွက် တစ်သန်းခန့်အထိ ရှိနေသည်ဟု ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားထားသည်။

“အကျဉ်းစခန်းတွေမှာ အူဂါတပ်ခ် မျိုးနွယ်စုဝင် တစ်သန်းလောက် အနှိပ်စက်ခံ၊ ဦးနှောက်ဆေးခံနေရတယ်ဆိုတဲ့ ကိစ္စကို အခု ဖုံးကွယ်ထားလို့ မရတော့ပါဘူး”ဟု ဟာမီအက်ဆွိုင်းက ပြောကြားသည်။

တရုတ်သံရုံးကမူ “တရုတ်နဲ့ တူရကီ နှစ်နိုင်ငံစလုံးဟာ ခက်ခဲတဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတာဝန်ကို လုပ်ဆောင်နေကြတာပါ။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ စံနှုန်းနှစ်ဆထိမ်းသိမ်းရေးဆိုတဲ့ အချက်ကို ကန့်ကွက်ပါတယ်။ တရုတ်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် တူရကီဘက်က မှန်မှန်ကန်ကန် နားလည်ပေးနိုင်ဖို့နဲ့ ဆိုးကျိုးသက်ရောက်နိုင်တဲ့ စွပ်စွဲချက်တွေ၊ လုပ်ဆောင်ချက်တွေကို ရုတ်သိမ်းဖယ်ရှားပေးဖို့ မျှော်လင့်ပါတယ်”ဟု ထုတ်ပြန်ပြောကြားသည်။

တရုတ်နိုင်ငံတွင် အူဂါမွတ်ဆလင်များအပေါ် ဖိနှိပ်မှုများ အဆုံးသတ်စေရန် ဖိအားပေးဖို့ နိုင်ငံတကာနှင့် ကုလသမဂ္ဂအား တူရကီက တိုက်တွန်းထားသည်။ မွတ်ဆလင်နိုင်ငံ အများစုကမူ အရေးပါသော ကုန်သွယ်ဘက် တရုတ်နိုင်ငံမှ ခေါင်းဆောင်များ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချရန် လိုလားမှု မရှိကြပေ။ 

F-04