News

POST TYPE

LATEST NEWS POST

ဗိုလ်ချုပ်ရုပ်ရှင် အချက်အလက်လွဲမှားမှု ရိုက်ကူးရေးအဖွဲ့၏ မှားယွင်းမှုဟု ဒါရိုက်တာလူမင်း ဝန်ခံ
12-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအတွက် ဗိုလ်ချုပ်နှင့်ခေတ်ပြိုင်ထင်ရှားခဲ့သည့် ဂဠုန်ဦးစောနှင့် သခင်စိုးနေရာတို့အတွက် သရုပ်ဆောင်မည့်သူများကို လျှောက်လွှာခေါ်ယူရာ၌ အချက်အလက်လွဲမှားမှုဖြစ်ခဲ့သည်မှာ ရိုက်ကူးရေးအဖွဲ့၏ မှားယွင်းမှုဖြစ်ကြောင်း ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး-၂ တာဝန်ယူထားသူ ဒါရိုက်တာလူမင်းက ဝန်ခံပြောကြားသည်။

“မိနစ်ပိုင်းအတွင်းမှာပဲ ချက်ချင်းပြင်ဆင်ချက်လုပ်လိုက်ပါတယ်။ မှန်ပါတယ်။ ဒါ ကျွန်တော်တို့အမှားပါ။ ဘာဖြစ် လို့လဲဆိုတော့ သမိုင်းအချက်အလက်တွေနဲ့ ရိုက်မယ့်ကားကြီးက စစချင်းမှာ

ကိုပဲ အချက်အလက်တွေ မှားနေသလား။ ဒါမှမဟုတ် လေ့လာမှုမရှိဘူးလား။ သမိုင်း ပညာရှင်တွေစိစစ်ပြီးမှ ကြော်ငြာတဲ့ဟာ မဟုတ်ပါဘူး။ သခင်စိုးက နှစ်ယောက်ဖြစ်နေတာ၊ နာမည်တူလို့ ပုံမှားသွားတာပါ” ဟု ၎င်းက ပြောဆိုသည်။

သို့သော် ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ သမိုင်းအချက်အလက်များကို အထပ်ထပ်စိစစ်ကာ ဇာတ်ညွှန်းရေးဖွဲ့မည်ဖြစ်ပြီး မရိုက်မီလည်း အချိန်ပြည့် စစ်ဆေးပြီးမှသာ ပြည်သူလူထုထံ ချပြမည်ဖြစ်သည့်အတွက် မစိုးရိမ်ရန် ၎င်းက တိုက်တွန်းပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ဂဠုန်ဦးစော၊ သခင်စိုး စသည့် ဇာတ်ကောင်နေရာများအပါအဝင် ဇာတ်ဆောင် ၃၀ ဦးနေရာအတွက် လျှောက်လွှာခေါ်ယူခဲ့ရာတွင် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်းသခင်စိုး၏ ကိုယ်ရေးအချက်အလက်ကိုဖော်ပြရာ၌ ရဲဘော်သုံးကျိတ်ဝင်ဟု ပါရှိသည့်အတွက် ဖေဖော်ဝါရီ ၁၀ ရက်နေ့ညပိုင်းက စတင်ကာ အောင်ဆန်းရုပ်ရှင်လူမှုကွန်ရက်စာမျက်နှာ၌ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

“ဒါက လုံးဝမမှားသင့်တဲ့အမှားပေါ့။ လျှောက်လွှာခေါ်ဖို့ လူမှုကွန်ရက်ပေါ်မတင် ခင်ကတည်းက သေချာ စိစစ်ရမယ့်အလုပ်ပါ။ ပြည်သူတွေရဲ့မျှော်လင့်ချက်ကို စစချင်း ဆောက်နဲ့ထွင်းသလိုဖြစ်သွားတာပေါ့”ဟု သမိုင်းသုတေသီတစ်ဦးက မှတ်ချက်ပြုသည်။

ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကြောင်းကို ရိုက်ကူးရာတွင် ဇာတ်လမ်းကျောရိုး ခိုင်မာပြီးသားဖြစ်၍ သမိုင်းဖြစ်ရပ်မှန်နှင့် ကိုက်ညီမှုကို ဦးစားပေးမည်ဖြစ်ကြောင်း၊ သမိုင်းအချက်အလက်မှန်ကန်တိကျခြင်း၊ ဇာတ်ညွှန်းအားကောင်းခြင်း၊ သရုပ်ဆောင်ပီပြင်ခြင်း၊ တေးဂီတပံ့ပိုးမှုအပါအဝင် ရိုက်ကူး၊ တည်းဖြတ်မှု အဆင့်အတန်းမြင့် မားမှုတို့အပေါ် မူတည်သည်ဟုခံယူမိကြောင်း အဆိုပါရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးကော်မတီဥက္ကဋ္ဌ တာဝန်ယူထားသူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဇန်နဝါရီလ ၂၀ ရက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြောကြားထားသည်။

“ဘယ်လိုလူတွေ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်မယ် လုပ်နေတာလဲမသိဘူး။ သာမန်အချက်အလက်လေးတောင် မှားနေမှတော့ မတွေးရဲဘူး” ဟု လူမှုကွန်ရက်အသုံးပြုသူ တစ်ဦးက ဝေဖန်ရေးသားထားသည်။

အဆိုပါရုပ်ရှင်ဇာတ်ကားအတွက် ဗိုလ်ချုပ်နှင့်ပတ်သက်ဆက်နွယ်ခဲ့သော ခေတ်ပြိုင်ပုဂ္ဂိုလ်များနေရာတွင် သမိုင်း အထောက်အထားနှင့်အညီ ရုပ်အတူဆုံး ဖြစ်မည့် သရုပ်ဆောင်များကို ရွေးချယ်ခေါ်ယူရန် ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်ရေးကော်မတီက စီစဉ်ထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရန် အခန်းစဉ် ၁၁၆ ခန်းရှိပြီး သမိုင်းပညာရှင်များနှင့်အဆင့်ဆင့်စီ စစ်အတည်ပြုထားပြီးလည်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတ္ထိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်ခြင်းနှင့်ပက်သက်၍ ဇာတ်လမ်း။ ဇာတ်ညွှန်းပြုစုရေးနှင့် ရိုက်ကူးတည်းဖြတ်ရေးဆပ်ကော်မတီ၊ အနုပညာဖန်တီးရေးဆပ်ကော်မတီ၊ သမိုင်းအထောက်အထားစိစစ်ရေးဆပ် ကော်မတီ၊ မှတ်တမ်းပြုရေးနှင့်သတင်း ပြန်ကြားရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး နှင့်လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီ အပါအဝင် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီတို့ဖြင့် ဖွဲ့စည်းထားသည်။

J-17