News

POST TYPE

LATEST NEWS POST

အဆောင်ငှားသည့်ကိစ္စ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်
11-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ (၁) ရပ်ကွက်၊ ပြည်ကျော်အေးလမ်းတွင် ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းက အမျိုးသားနှစ်ဦး အဆောင်ငှားသည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ အသက် ၃၆ နှစ် အမျိုးသားမှာ ဓားဖြင့်ထိုးသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အမျိုးသားမှာ ပြည်ကျော်အေးလမ်းရှိ အဆောင်တွင်နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ည ၉ နာရီခွဲက တစ်ဆောင်တည်းအတူနေ အသက် ၅၂ နှစ် မောင်မောင်နှင့် အဆောင်ငှားသည့် ကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်ခံရခြင်းဖြစ်သည်။

“အဆောင်ငှားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများ ရန်ဖြစ်ခဲ့ကြတာပါ။ ပြစ်မှုကျူးလွန်သူက သေဆုံးသူကို မင်းက အဆောင်ပိုင်ရှင်လားလို့ပြောပြီး ဓားဦးချွန်နဲ့ ထိုးခဲ့တာ၊ ဒဏ်ရာရရှိသူကို အင်းစိန်ဆေးရုံ တင်ပို့ခဲ့ပေမယ့် ဆေးရုံအရောက်မှာပဲ အသက်ဆုံးရှုံးသွားတယ်။ ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးထားပါတယ်” ဟု ရဲအရာရှိက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံမှ ပီအာရ် ၁၅ ဖြင့် လက်ခံစစ်ဆေးနေပြီး ဓားဖြင့်ထိုးသူ မောင်မောင်ကို ဖမ်းဆီး၍ ရွှေပြည်သာမြို့မ ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03