News

POST TYPE

LATEST NEWS POST

မြောက်ဦးကို ယူနက်စကိုတင်နိုင်ရေး တရုတ်နှင့် MoU ရေးထိုးမည်
07-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO) သို့ တင်သွင်းရေးအတွက် တရုတ်နိုင်ငံနှင့် နာလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။

“မြောက်ဦးကို ကမ္ဘာ့အမွေအနှစ် တင်သွင်ရေးနဲ့ မြောက်ဦးမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို တရုတ်က ကူညီပေးဖို့ရှိတယ်။ တင်သွင်းရေးလုပ်ငန်း၊ ဒေသခံများ အကျိုးစီးပွားဖြစ်ထွန်းရေး၊ အဆောက်အအုံ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ကူညီပေးဖို့ရှိတယ်။ တရုတ်နဲ့ ညှိနှိုင်းမှုတွေ လုပ်ပြီးသွားပြီ။ မကြာခင်မှာ တရုတ်နဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်သွားမယ်။ ဒီတစ်လ၊ နှစ်လအတွင်းမှာပေါ့။ နည်းပညာ ကူညီပေးမယ်။ အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပေးတာတွေပါမယ်”ဟု ယင်းဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်တွင် ကမ္ဘာ့အမွေအနှစ် အဆိုပြုစာတွဲ (မူကြမ်း) တင်သွင်းနိုင်ရန်နှင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

M-05