News

POST TYPE

LATEST NEWS POST

တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု လျော့နည်းစေရန် ထိရောက်သည့်အရေးယူများဖြင့် ကာကွယ်ရမည်ဟု တိုင်းရဲမှူးကြီးဆို
07-Feb-2019


မန္တလေး၊ ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် သတ်ဖြတ်ရောင်းချခြင်းများကို ကာကွယ်နိုင် ထိရောက်သည့်အရေးယူမှုများဖြင့် ကာကွယ်ရမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦးက အခမ်းအနားတွင် ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်နေ့က မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် မန္တလေးတိုင်း ရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်မှု မှုခင်းကျဆင်းရေး ဟောပြောပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တောရိုင်းတိရစ္ဆာန် မှုခင်းတွေဟာ နိုင်ငံတစ်နိုင်ငံချင်းရဲ့ ပြဿနာမဟုတ်တော့ဘဲ တစ်နိုင်ငံမှ အခြားနိုင်ငံများသို့ပါ ဖြတ်သန်းသယ်ဆောင်ရောင်းဝယ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ မှုခင်းများအဖြစ် ရောက်ရှိလို့လာနေပြီဖြစ်တဲ့အတွက် မိမိနိုင်ငံမှ တောရိုင်းတိရစ္ဆာန်များ တရားမဝင် သတ်ဖြတ်ရောင်းဝယ်ခြင်း မရှိစေရေးအတွက် ထိရောက်သော အရေးယူမှုများဖြင့် ကာကွယ်နေရမှာဖြစ်သလို တစ်ဖက်ကလည်း အသိပညာပေးဟောပြောမှုတွေကိုလည်း ဆောင်ရွက်ကြဖို့လိုပါတယ်”ဟု ရဲမှူးကြီး မြင့်ဦးက ပြောဆိုသည်။

မည်သို့မည်ပုံ အရေးယူမည်ဆိုသည်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားရာတွင် မန္တလေးမြို့သည် အဓိကဈေးကွက်ရှိရာမြို့ မဟုတ်သော်လည်း ကုန်သွယ်ရေးဇုန်တစ်ခု အသွင်ဖြင့်ရှိနေပြီး အခြားမြို့များသို့ သွားရောက်ရန် ဖြတ်သန်းသွားလာကြသည့် မြို့ဖြစ်နေသည့်အတွက် ဖမ်းဆီးရမိမှုများပြားသည့် မြို့တစ်ခုအဖြစ်ရှိနေကြောင်း ၎င်းကဆိုသည်။

ယင်းတိုင်းအတွင်း ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပြုလုပ်ထားသည့် စစ်တမ်းများအရ တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့၏ ကိုယ်အစိတ်အပိုင်းများ တရားမဝင် ဖမ်းဆီးနိုင်ခဲ့မှု အရေအတွက် ၃၅ မှုအထိရှိခဲ့ပြီး ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယအများဆုံး ဖမ်းဆီးရမိသည့် တိုင်းတစ်ခုဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)၏ စစ်တမ်းများအရ သိရသည်။

ကမ္ဘာတွင် တောရိုင်းတိရစ္ဆာန်များကို တရားဝင် ကုန်သွယ်မှုအနေဖြင့် နှစ်စဉ် သန်းထောင်ပေါင်းများစွာ ကုန်သွယ်နေပြီး၊ တရားမဝင် ကုန်သွယ်မှုအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံမှ ၁၀ ဘီလီယံခန့်အထိ ရောင်းဝယ်ကုန်သွယ်နေကြောင်း Food and Agriculture Organization of United Nations (UNFAO) က ထုတ်ပြန်ထားသည်။

M-04