News

POST TYPE

LATEST NEWS POST

မြောက်ကိုရီးယားက နျူကလီးယားလက်နက်များ ဆက်သိမ်းထားဖွယ်ရှိသည်ဟု အမေရိကန်ထောက်လှမ်းရေး အစီရင်ခံ
31-Jan-2019

ဝါရှင်တန်၊ ဇန်နဝါရီ ၃၀

ဒေါ်နယ်ထရမ့်အစိုးရက မျှော်လင့်ချက်ထားနေသော်လည်း မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားလက်နက်များကို အပြည့်အဝ စွန့်လွှတ်ဖွယ်မရှိဟု အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတွင် တင်ပြထားကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းရှိ ခြိမ်းခြောက်မှု အကဲဖြတ်ချက်အစီရင်ခံစာတွင် အီရန်သည် နျူလက်နက် ပြုလုပ်နေခြင်း မရှိကြောင်း၊ သို့ရာတွင် တရုတ်နှင့်ရုရှားထံမှ ဆိုက်ဘာ ခြိမ်းခြောက်မှုများ ကြီးထွားလာကြောင်း ဖော်ပြထားသည်။

တရုတ်နှင့် ရုရှားသည် ၂၀၂၀ ပြည့် ရွေးကောက်ပွဲများကို ကြားဝင်စွက်ဖက်ရန် ကြိုးစားကြလိမ့်မည်ဟု အစီရင်ခံစာကဆိုသည်။

ယင်းအစီရင်ခံစာကို အမျိုးသား ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဒန်ကုတ်နှင့် အခြား ထောက်လှမ်းရေးဌာန အကြီးအကဲများက အင်္ဂါနေ့တွင် ဆီးနိတ်လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် နိုင်ငံတကာ ပိတ်ဆို့မှုများဖြေလျှော့ရေးအတွက် နျူကလီးယားဖျက်သိမ်းရေးကို ညှိနှိုင်းရန် ကြိုးစားနေသော်လည်း နျူလက်နက်တိုက်နှင့် ထုတ်လုပ်နိုင်စွမ်းတို့ကို စွန့်လွှတ်ဖွယ်မရှိဟု အစီရင်ခံစာက သုံးသပ်ထားသည်။

နျူကလီးယားလက်နက်များရှိနေခြင်းသည် မြောက်ကိုရီးယားအစိုးရ ရှင်သန်ရေးအတွက် အရေးကြီးသည်ဟု အစီရင်ခံစာက ဆိုသည်။

သမ္မတဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဖေဖော်ဝါရီလတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ ၎င်းတို့နှစ်ဦးသည် ဇွန်လက စင်ကာပူဆွေးနွေးပွဲတွင် ယေဘူယျ သဘောတူညီချက် ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိုးတက်ဖြစ်ပေါ်မှု အနည်းအကျဉ်းသာ ရှိခဲ့သည်။

တရုတ်နှင့်ရုရှားတို့သည် ၁၉၅၀ ပြည့်နှစ်များကထက် ပိုမို၍ ညီညွတ်လာကြသည်ဟုလည်း အစီရင်ခံစာက သုံးသပ်သည်။ နှစ်နိုင်ငံစလုံးသည် ခက်ခဲနက်နဲသော ဆိုက်ဘာထောက်လှမ်းရေးစွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး ၂၀၂၀ ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားကြလိမ့်မည်ဟု အစီရင်ခံစာက သတိပေးထားသည်။

အီရန်သည် အရှေ့အလယ်ပိုင်းရှိ အမေရိကန် အကျိုးစီးပွားများကို ခြိမ်းခြောက်မည့် ရည်ရွယ်ချက်နှင့် စစ်ရေးစွမ်းရည် ရှိသော်လည်း နျူလက်နက်ပြုလုပ်ခြင်းမရှိဟု အစီရင်ခံစာက သုံးသပ်သည်။

ထို့ပြင် အရှေ့အလယ်ပိုင်းတွင် IS အဖွဲ့ကို အပြီးတိုင် အနိုင်ယူနိုင်ခြင်းမရှိသေးဟု အစီရင်ခံစာက တင်ပြထားသည်။

သို့ရာတွင် အမေရိကန် ယာယီ ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က IS အဖွဲ့သည် ဆီးရီးယားရှိလက်ကျန် ခြေကုပ်နယ်မြေကို ဆုံးရှုံးရန် နီးကပ်နေပြီဟု သတင်းထောက်များအား အင်္ဂါနေ့က ပြောကြားခဲ့သည်။

“IS အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေ ၉၉ ဒသမ ၅ ရာခိုင်နှုန်းဟာ ဆီးရီးယားတွေ လက်ထဲကို ပြန်ရောက်နေပါပြီ။ သီတင်းပတ် အနည်းငယ်အတွင်းမှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်သွားမှာပါ”ဟု ပက်ထရစ်ရှာနာဟaန်က ပြောကြားသွားသည်။ 

F-04