News

POST TYPE

LATEST NEWS POST

ကျိုင်းတုံ၌ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည့် အမျိုးသားတစ်ဦးဖမ်းမိ
22-Jan-2019

ကျိုင်းတုံ၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပါဆန်ကျ (အားခေ)ရွာတွင် ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီခန့်က မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲသည့် အမျိုးသားကြီးတစ်ဦးကို မူးယစ်ဆေးဝါးများ အပါအဝင် မူးယစ်ဆေးဝါး ရောင်းချငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံခရိုင် မှုခင်းအကူအဖွဲ့ခေါင်းဆောင် ရဲအုပ် ညီဝင်းကျော်က ပြောကြားသည်။

“သူ့ကိုသတင်းရလို့ စောင့်ကြည့်နေတာကြာပြီ။ အခုမှသာ သူ့အိမ်ကိုဝင်ရှာလို့ လက်ပူးလက်ကြပ်ဖမ်းမိခဲ့တာ။ သူကမူးယစ်ဆေးဝါး ကိုယ်တိုင်သုံးစွဲသလို မူးယစ်ဆေးဝါးရောင်းချတဲ့ငွေတွေနဲ့ တိုက်တောင်ဆောက်ထားပြီးပြီ”ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်တွင် ယာနွေ (၅၂ နှစ်)ထံမှ ကျပ် ၁၆ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ပြားကျော်၊ ဆေးရှုကိရိယာတစ်ခု၊ မူးယစ်ဆေးဝါး ရောင်းချရငွေ ကျပ် ၁၂၀,၀၀၀ တို့ကို ဖမ်းဆီးရမိခဲ့၍ ၎င်းကို မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က) ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16