News

POST TYPE

LATEST NEWS POST

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသား ၆၅ ဦး ပြန်လည်ရောက်ရှိ
မြ၀တီ၊ အောက်တိုဘာ၂၇

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မြန်မာဒုက္ခသည်ထဲမှ ၆၅ဦးသည် အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံမှ သိရသည်။

ယခုပြန်လည်ဝင်ရောက်လာသူ ၆၅ ဦးသည် အိမ်ထောင်စု ၁၉ စုမှဖြစ်ပြီး အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၃၅ ဦးပါဝင်ကြောင်း၊ ထိုင်းနိုင်ငံမဲဆောက်မှတစ်ဆင့်မြန်မာနိုင်ငံ မြ၀တီမြို့သို့ နှစ်နိုင်ငံအစိုးရ၏ သဘောတူညီချက်ဖြင့် တရားဝင်ပြည်တော်ပြန်ဝင်လာကြခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

မူလက ဒုက္ခသည် ၁၀၀နီးပါး ပြည်တော်ပြန်ရန်အစီအစဉ်ရှိသော်လည်း အခြေအနေအရပ်ရပ်ကြောင့် ၆၅ဦးသာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး ၎င်းတို့ကို ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူး နိုင်ဝီရ အူရိုင်ရတ်၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်တို့လိုက်ပါပြီး မြန်မာနိုင်ငံသို့  အောက်တိုဘာ ၂၆ရက်က ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ကရင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြ၀တီခရိုင်မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံမှ သိရသည်။

"ပြည်ထောင်စုအဆင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဗဟိုကော်မတီဖွဲ့ထားပါတယ်။ ကရင်ပြည်နယ်အဆင့်ကော်မတီလည်းဖွဲ့ထားပါတယ်။ဒီကော်မတီနှစ်ရပ် ပူးပေါင်းပြီးလုပ်ဆောင်တာဖြစ်တယ်" ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က ပြောကြားခဲ့သည်။

ယခုပြန်လည်ရောက်ရှိလာသူများမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒုက္ခသည်များဖြစ်ကြပြီး အချို့မှာ ကျန်းမာရေးချို့တဲ့နေသူများလည်း ပါရှိကြသည်။

မြန်မာနိုင်ငံသို့ ပြန်လာကြသူများအတွက် နေရာထိုင်ခင်းအားလုံး စီစဉ်ပေးထားပြီးဖြစ်ကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနအနေဖြင့် မိသားစုတစ်စုလျှင် ကျပ် သုံးသိန်း၊တစ်ယောက်လျှင် ခရီးစရိတ်အဖြစ် ငွေကျပ် ၁၀၀၀၀ စီပေးသွားမည်ဖြစ်ပြီး နေရာဒေသအသီးသီးသို့ ခေါ်ယူရန်အတွက်လည်း အဆင်သင့်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှလည်း မိသားစုတစ်စုလျှင်ထောက်ပံ့ငွေကျပ်တစ်သိန်းစီပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တော်ပြန်ဝင်လာသူများအားလုံးအတွက် UNHCR ကလည်း လူကြီးတစ်ဦးလျှင် ထိုင်းဘတ်ငွေ ရှစ်ထောင်၊ ကလေးတဦးလျှင် ထိုင်းဘတ်ငွေ လေးထောင် ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးဝင်းထွန်းဦးက ပြောကြားသည်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှလည်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒုက္ခသည်များအား မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဓာတ်ပုံ - Prof Win Myat Aye (Facebook)