News

POST TYPE

LATEST NEWS POST

ပြည်ရှိ ယာဉ်ထိန်းအဆောက်အအုံ မှန်များ ရိုက်ခွဲခံရ
21-Jan-2019

ဖျက်ဆီးခံထားရသည့် ယာဉ်ထိန်းအဆောက်အအုံကို တွေ့ရစဉ်

တောင်ငူ၊ ဇန်နဝါရီ ၂၁

ပဲခူးတိုင်း ပြည်မြို့နယ် ရွာဘဲရပ် ပြည်သူ့ဆေးရုံကြီးအနီး သံလမ်းဂိတ်မီးပွိုင့်ရှိ ယာဉ်ထိန်းရုံးဂိတ် အဆောက်အအုံမှန်များကို ယနေ့(ဇန်နဝါရီ ၂၁ ရက်)နံနက်အစောပိုင်းက သောက်စားမူးယစ်နေသူ လူငယ်အချို့က အကြောင်းမဲ့ ရိုက်ခွဲခဲ့ကြောင်း ပြည်မြို့အမှတ် ၂ နယ်မြေရဲစခန်းထံမှ သိရသည်။

ပြည်မြို့ ရွှေတံခါးရပ်နေ အောင်မြတ်စိုး (၂၄ နှစ်)၊ ထူးကျော်ခိုင် (၂၆ နှစ်) အပါအဝင် လူငယ်လေးဦးသည် ဇန်နဝါရီ ၂၀ ရက်နေ့ ညပိုင်းက ယင်းယာဉ်ထိန်းရဲအဆောက်အအုံအနီးတွင် အရက်သေစာများ သောက်စားခဲ့ကြပြီးနောက် နောက်နေ့ (ဇန်နဝါရီ ၂၁ ရက်) နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်က မှန်တံခါးများကို အကြောင်းမဲ့ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ပြစ်မှုကျူးလွန်သူ လေးဦးအနက် ထူးကျော်ခိုင်နှင့် အောင်မြတ်စိုးတို့နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

“လူငယ်လေးယောက်မှာ နှစ်ယောက်တော့ ဖမ်းဆီးရမိထားပါပြီ။ ကျန်တဲ့တရားခံတွေကို စုံစမ်းနေဆဲပါ။ သောက်စားပြီး အကြောင်းမဲ့ဖျက်ဆီးကြတဲ့သဘောပါ” ဟု အမှုစစ်ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ထူးကျော်ခိုင်အပါအဝင် အမျိုးသားလေးဦးကို ပြည်မြို့အမှတ် ၂ နယ်မြေရဲစခန်းမှ(ပ) ၁၅ /၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၆/၁ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15

ဓာတ်ပုံ - ကျော်ကျော်ဉာဏ်ဝင်း