News

POST TYPE

LATEST NEWS POST

ရှေးဟောင်းအုတ်ခွက်ဘုရား တွေ့ရှိသည့်နေရာကို ဖေဖော်ဝါရီလဆန်း စမ်းသပ်တူးဖော်မည်
18-Jan-2019


ထားဝယ်၊ ဇန်န၀ါရီလ ၁၈

ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာတွင် ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိသည့်နေရာကို လာမည့် ဖေဖော်ဝါရီလဆန်းတွင် စမ်းသပ်တူးဖော်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။

ရှေးဟောင်း အုတ်ခွက်ဘုရားများကို တူးဖော်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာလတွင် တူးဖော်ခွင့်ပြုထားပြီဖြစ်ပြီး တနင်္သာရီ တိုင်းအစိုးရအဖွဲ့သို့ ထပ်မံခွင့်ပြုချက် တောင်းထားကြောင်း အထက်ပါဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမောင်ဆန်းဝင်းက ပြောသည်။

“ငွေရေးကြေးရေးကိစ္စရော စီမံခန့်ခွဲဖို့အတွက်ရော တိုင်းအစိုးရကို တင်ထားတယ်၊ တိုင်းကကျလာတာနဲ့ ကျွန်တော်တို့ စတူးတော့မယ်၊ တူးဖော်ရေးက အကုန်လုံးတူးဖော်မှာ မဟုတ်ဘူး၊ စမ်းသပ်တူးဖော်ရေးလုပ်မှာ”ဟု ဦးမောင်ဆန်းဝင်းက ဆိုသည်။

အဆိုပါမြေနေရာအား အမြန်ဆုံး တူးဖော်စေလိုပြီး ရှေးဟောင်းပစ္စည်းများ မတွေ့ရှိပါက ယင်းမြေနေရာအား ပိုင်ရှင် ပြန်လည် အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း ရှင်မုတ္ထီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်စိုးပိုင်က ပြောသည်။

“အခုချိန်ထိကတော့ မျှော်နေရတာလောက်ပဲ၊ ဒီထက်မြန်လေ ကောင်းလေပဲ၊ အမြန်ဆုံးနည်းနဲ့ တူးရလေကောင်းလေ”ဟု ဦးသက်စိုးပိုင်ကဆိုသည်။

မုတ္ထီးမြို့ဟောင်း (မုတ္တသုခနာဂရမြို့ဟောင်း) ယခု ရှင်မုတ္ထီးဟုခေါ်တွင်သော ကျေးရွာတွင် ကျေးရွာသားတစ်ဦး နေအိမ်ဆောက်လုပ်ရန် စက်ယန္တရားဖြင့် ခြံရှင်းရာ ၂၀၁၈ ခုနှစ်၊ မေလ ၂၀ ရက်က ရှေးဟောင်းအုတ်ခွက် ဘုရား ၅၀ ဆူထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။

Dawei Watch