News

POST TYPE

LATEST NEWS POST

ကျောက်ကြီးတွင် တစ်ရက်အတွင်း တရားမဝင်သစ် ရှစ်တန်ကျော်ဖမ်းမိ
17-Jan-2019
တောင်ငူ၊ ဇန်နဝါရီ ၁၇

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ ကျောက်ကြီး-ပဲနွယ်ကုန်းကားလမ်းပေါ်နှင့် ကော့ဗျင်းကျေးရွာတို့တွင် ဇန်နဝါရီ ၁၆ ရက်နေ့တစ်ရက်အတွင်း တရားမဝင်သစ်ရှစ်တန်ကျော်နှင့် အမျိုးသားနှစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျောက်ကြီးမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူများ နတ်သံကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူများနှင့် သက်သေများပါဝင်သည့်ပူးပေါင်းအဖွဲ့မှ ကျောက်ကြီး-ပဲနွယ်ကုန်းလမ်းမပေါ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေကြစဉ် အဆိုပါလမ်းအတိုင်း ဦးမောင်မြင့် (၄၃ နှစ်) မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဦးအောင်သူရ (၃၃ နှစ်)တို့ လိုက်ပါလာသည့် ဆီနိုထရပ်မော်တော်ယာဉ်(ဖောကား)ကို ရပ်တန့်စစ်ဆေးရာမှ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် ကျပ်ရှစ်သိန်းကျော်တန်ဖိုးရှိ သစ်မာခွဲသား ၄ ဒသမ ၂၇ တန် ကိုဖမ်းဆီးရမိခဲ့ကြောင်း နတ်သံကွင်းနယ်မြေရဲစခန်းထံမှ သိရသည်။

ထို့နောက်ည ၁၀ နာရီကျော်က ယင်းမြို့နယ် မုန်းဒေသ ကော့ဗျင်းကျေးရွာနှင့် စည်ပင်သာရွာသွားလမ်းမပေါ်ရှိ တံတားတစ်စင်းတွင် ကျွံကျတိမ်းမှောက်နေသည့် နီဆန်းအမျိုးအစား ခြောက်ဘီးယာဉ်တစ်စင်းပေါ်မှ တရားမဝင် သစ်မာခွဲသားဆိုက်စုံ လေးတန်ကျော်ကို ဖမ်းဆီးရမိခဲ့၍ တိမ်းရှောင်သွားသူ ယင်းယာဉ်မောင်း ဦးတင်ပြုံး (၅၅ နှစ်) ကို သစ်တောဥပဒေပုဒ်မ ၂၇၉၊ ၂၀၂ နှင့် ၄၁(က)တို့ဖြင့် အမှုဖွင့်ထားပြီး ဖမ်းမိနိုင်ရေးစုံစမ်းနေကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျောက်ကြီး-ပဲနွယ်ကုန်းလမ်းမပေါ်တွင် ဖမ်းမိသည့်သူများဖြစ်သည့် မောင်မြင့်နှင့် သူရအောင်တို့ကို နတ်သံကွင်းနယ်မြေရဲစခန်းမှ သစ်တောဥပဒေပုဒ်မ ၄၁ (က)အရ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါ နယ်မြေရဲစခန်းထံမှ သိရသည်။

R-15