News

POST TYPE

LATEST NEWS POST

မြန်မာ့ဆန်တင်ပို့မှု အခွန်ကင်းလွတ်ခွင့် အီးယူရပ်ဆိုင်း
17-Jan-2019



ရန်ကုန်၊ ဇန်နဝါရီ ၁၆

ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့ မြန်မာ့ဆန်တင်ပို့မှုအတွက် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို ဇန်နဝါရီလ ၁၉ ရက်နေ့မှစ၍ သုံးနှစ်ခန့်ရပ် ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် စပိန်နှင့် အီတလီနိုင်ငံတို့၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေရန်အတွက် GSP ကင်းလွတ်ခွင့်ပေးထားသည့် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို သုံးနှစ်ခန့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

“အီးယူနိုင်ငံတွေက ဇန်နဝါရီ ၇ ရက်နေ့မှာ အစည်းအဝေးထိုင်တယ်။ ၉ ရက်နေ့မှာ ရလဒ်ထုတ်တယ်။ ၁၉ ရက်နေ့မှာ ဒီကတင်ပို့တဲ့ဆန်တွေကို အခွန်စကောက်တော့မှာ”ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထင်ဇော်လှိုင်က ပြောကြားသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုများကို အခွန် စတင်ကောက်ခံမည်ဖြစ်ပြီး အခွန်ကောက်ခံရာတွင် ဆန်ကွဲတင်ပို့မှု မပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

“အီးယူ ၂၈ နိုင်ငံထဲမှာ ၉ နိုင်ငံလောက်က ဆန်ကိုပဲထုတ်ရောင်းနေတာ။ မြန်မာနဲ့ ကမ္ဘောဒီးယားဆန်တွေက အီးယူကို အများကြီးဝင်သွားတဲ့အတွက် ဆန်ထုတ်တဲ့နိုင်ငံတွေက Complaint တက်တာ။ သူတို့အကျိုးကာကွယ်တဲ့ Safe Guard နဲ့ ဆန်တင်ပို့မှုက ဒီလိုဖြစ်သွားတာ”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

အီးယူက မြန်မာ့ဆန်တင်ပို့မှုကို GSP သုံးနှစ်ခန့် ယာယီရပ်ဆိုင်းမှုတွင် ပထမနှစ်၌ ဆန်မက်ထရစ်တစ်တန်လျှင် ၁၇၅ ယူရို၊ ဒုတိယနှစ်တွင် ၁၅၀ ယူရိုနှင့် တတိယနှစ်တွင် ၁၂၅ ယူရို ကောက်ခံမည်ဖြစ်ပြီး သုံးနှစ်ခန့်ကောက်ခံပြီးပါက အခွန်ကောက်ခံမှုကို ပြန်လည်သုံးသပ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံမှ အီးယူဈေးကွက်သို့ ဆန်နှင့် ဆန်ကွဲတန်ချိန် လေးသိန်းခန့် နှစ်စဉ်တင်ပို့မှုရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

“ဆန်တော်တော်များများ ဈေး ကောင်းလည်းရတယ်။ ပေါပေါများများလည်း ဝယ်တာက အီးယူတစ်ခုပဲရှိတယ်။ ကျန်တဲ့ ဈေးကွက်တွေက ဈေးသိပ်မရဘူး။ အများကြီးလည်း မဝယ်ဘူး။ ဝယ်တဲ့အီးယူက GSP ဖြုတ်လိုက်တော့ ဈေးကွက်အသစ်တွေ ရှာရမှာပေါ့”ဟု ဦးထင်ဇော်လှိုင်က ဆိုသည်။

အီးယူသည် မြန်မာနိုင်ငံမှ ၁၅ မှတ် ဆန်များကိုသာ ဈေးကောင်းပေး၍ အများဆုံးဝယ်ယူလေ့ရှိသောကြောင့် အခွန်စတင် ကောက်ခံမည်ဆိုပါက ဆန်ဆက်လက်တင်ပို့ရန် ခက်ခဲသောကြောင့် အခြားဈေးကွက်များကို ဆက်လက်ရှာဖွေရမည်ဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောဆိုသည်။

“အီးယူက ဒီအခွန်နှုန်းအတိုင်း ကောက်မယ်ဆိုရင် သိပ်မပို့နိုင်တော့ဘူး။ တင်ပို့နိုင်ဖို့တော့ ခက်သွားမှာပေါ့။ အရင်လို ရောင်းဖို့ သိပ်မလွယ်တော့ဘူး”ဟု ဆန်ကုန်သည် ဦးအောင်မြင့်က သုံးသပ်ပြောကြားသည်။

J-11