News

POST TYPE

LATEST NEWS POST

လေဘေးသင့်သည့် ကုလားကုတ်ကျွန်းမှ အထက်တန်းကျောင်း ၂ ချိန်ခွဲ၍ သင်ကြား
16-Jan-2019
မော်လမြိုင်၊ ဇန်နဝါရီ ၁၆

မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ ကုလားကုတ်ကျွန်းရွာ (အောက်ဆိပ်)တွင် လေပြင်းတိုက်သည့် ဒဏ်ကြောင့် အ.ထ.က (ကုလားကုတ်)မှ စာသင်ကျောင်းဆောင်များ အမိုးလန်ပျက်စီးသွားသည့်အတွက် ကျောင်းဆောင်ပြုပြင်နေစဉ် စာသင်ချိန်ကို ၂ ချိန်ခွဲ၍ သင်ကြားပေးလျက်ရှိကြောင်း မွန်ပြည်နယ် ပြည်နယ်ပညာရေး ဦးစီးဌာနထံမှ သိရသည်။

“ဖြစ်တဲ့နေ့မှာ ယာယီပိတ်လိုက်တယ်။ ဖြစ်တာက တစ်ကျောင်းပဲ၊ အခုက နှစ်ချိန်ကျောင်းလုပ်ထားတယ်။ အခုဖြစ်တဲ့နေရာကို ပြန်ပြင်နေပြီး တော်တော်ပြီးနေပြီ။ နှစ်ချိန်ကျောင်းလုပ်ထားတော့ အဆောင်တစ်ခုမှာပဲ မနက် အစောကြီး သင်လိုက်တယ်။ စာသင်ချိန်တစ်ချိန်ပဲ၊ ပြင်တဲ့အဆောင်က ပြင်နေတယ်”ဟု မွန်ပြည်နယ် ပြည်နယ် ပညာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည်က ဆိုသည်။

လေပြင်းဒဏ်ခံခဲ့ရသည့် အ.ထ.က (ကုလားကုတ်)ကို ဇန်နဝါရီလ ၁၁ ရက်မှ စတင်ပြင်ဆင်လျက်ရှိကြောင်း၊ လေပြင်းဒဏ်ကြောင့် ကျောင်းဆောင် ၃ ဆောင် အမိုးလန်ပျက်စီးသွားသည့်အတွက် ယခုကဲ့သို့ စာသင်ချိန်ကို နှစ်ချိန်ကျောင်း လုပ်၍ သင်ကြားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“လေဘေးသင့်တဲ့ကျေးရွာမှာ ကျောင်းဆောင် လေးဆောင်နီးပါးထိသွားတော့ ဒီလ ၁၁ ရက်မှာ ပြန်ပြင်နေပြီ။ ဒသမတန်း၊ နဝမတန်းနဲ့စတုတ္ထတန်းကို အချိန်ပြောင်းသင်ပြီးတော့ အဋ္ဌမတန်းကို ဆရာမနေအိမ်မှာ သင်ပေးတယ်။ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနကနေ ရှင်းလင်းရေး တွေလုပ်ပေးနေတယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းကဆိုသည်။

ယာယီပိတ်ထားသည့် အတန်းများကို ကျောင်းပြန်လည်ဖွင့်လှစ်နိုင်သည့် အချိန်တွင် အချိန်ပိုသင်ကြားမည်ဖြစ်ကြောင်း ဝန်ကြီးဒေါက်တာ ထိန်လင်းက ပြောဆိုသည်။

ထိုမျှမက လေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၃၀၀ နှင့်ရေသန့်ဘူးများကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘေးအန္တရာယ် ကာကွယ်ရေးဦးစီးဌာနကလည်း ငွေကျပ် သိန်း ၃၄၀ ခန့်ကို လူတစ်ဦးလျှင် ဆန် နှစ်ပတ်စာနှုန်းဖြင့် ငွေကျပ် ၄၂၀၀ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုး၊ ပြိုကျပျက်စီး နေအိမ်တစ်အိမ်လျှင် ငွေကျပ်တစ်သိန်း၊ အမိုးလန်နေအိမ်များကို တစ်အိမ်လျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း ဒေါက်တာထိန်လင်းက ရှင်းပြခဲ့သည်။

ဇန်နဝါရီလ ၈ ရက်မနက်ပိုင်းက တိုက်ခတ်ခဲ့သည့်လေပြင်းကြောင့် ကုလားကုတ်ကျွန်းကျေးရွာ (အောက်ဆိပ်) တွင် နေအိမ် ၁၁၄ လုံး ပြိုကျပျက်စီးသွားပြီး နေအိမ် ၂၈၂ လုံမှာ ယိုင်သွားခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး အိမ်ထောင်စုပေါင်း ၃၉၆ စုမှ လူဦးရေ ၁၉၂၃ ဦး လေဘေးသင့်ခဲ့သည်။

R-21