News

POST TYPE

LATEST NEWS POST

CMP သွင်းကုန်လိုင်စင်ဝန်ဆောင်မှု အမြန်လျှောက်ထားခြင်း စတင်အသုံးပြုနိုင်
12-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၁၂

CMP သွင်းကုန်လိုင်စင်ဝန်ဆောင်မှု အမြန်လျှောက်ထားခြင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ဝန်ဆောင်ခ ငါးသောင်းကျပ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အော်ဒါမှာသူများ၊ ဝယ်ယူသူများ၏ လိုအပ်ချက်အရ စက်ရုံများအနေနှင့် တစ်ခါတစ်ရံတွင် သွင်းကုန်လိုင်စင်များကို အရေးတကြီး လျှောက်ထားရခြင်းများ ရှိသည့်အတွက် ဝန်ဆောင်မှု အမြန်လျှောက်ထားခြင်းစနစ်အား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပုံမှန်လိုင်စင် လျှောက်ထားသူများသည် ဝန်ဆောင်ခ ကျပ်တစ်သောင်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“အထည်ချုပ်တွေမှာ တစ်ခါတလေ ဘယ်နှစ်ပတ်အတွင်း အပြီးပေးနိုင်မလားဆိုပြီး အချိန်ကပ်ဝယ်တဲ့သူတွေရှိတယ်။ ဒါမျိုးဆို သွင်းကုန်တွေအတွက် ချက်ချင်းလျှောက်ပြီး ချုပ်ပေးရတာ။ လိုင်စင်ကြန့်ကြာတဲ့အခါ တစ်ဖက်ကိုလည်း ကြာနိုင်တဲ့အတွက် ဝန်ကြီးဌာနက ဖြေလျှော့ပေးလိုက်တာပါ”ဟု အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက ပြောကြားသည်။

အထည်ချုပ်ကဏ္ဍမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရှာပေးနိုင်သည့်အတွက် လုပ်ငန်းလိုအပ်ချက်အရ ဖြေလျှော့ပေးသင့်သည့် အချက်များကိုပြုပြင်ကာ ပို့ကုန်များများတင်ပို့နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများမှာ ဥရောပနိုင်ငံများ၊ အမေရိက၊ ဂျပန် အစရှိသည့် နိုင်ငံများသို့ အထည်များ တင်ပို့နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကလည်း အထည်ချုပ်ကဏ္ဍကို စိတ်ဝင်စားကြသည်။

J-13