News

POST TYPE

LATEST NEWS POST

ချင်းတွင်းမြစ်တွင်းသွား ခရီးသည်တင်ရေယာဉ်များကို ပြေးဆွဲချိန်တိုးမြှင့်
12-Jan-2019



ကလေး၊ ဇန်နဝါရီ ၁၂

ချင်းတွင်းမြစ်အတွင်း မြစ်ရေတိမ်ပြီး သောင်တင်မှုများ မကြာခဏကြုံတွေ့လာနေရသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ချင်းတွင်းမြစ် အထက်ပိုင်းဒေသများသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ်များကို ခုတ်မောင်းပြေးဆွဲချိန် တိုးမြှင့်ပေးထားကြောင်း မုံရွာမြို့၊ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။ 

ယခင်က ခရီးသည်တင်ရေယာဉ်များကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြေးဆွဲခွင့်ပြုရာမှ ယခုအခါ နံနက် ၅ နာရီမှ ည ၇ နာရီအထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

"ရေယာဉ်တွေ ပြေးဆွဲချိန်တိုးမြှင့်ပေးသလို ရေတိမ်ပြီး သောင်တင်မှုဖြစ်ပေါ်နေတဲ့ နေရာတွေကိုလည်း ရေလမ်းကြောင်းတွေ ဖောက်ပေးစေချင်တယ်" ဟု ခရီးသည်တင်ရေယာဉ်မောင်း ဦးခိုင်က ပြောဆိုသည်။

ချင်းတွင်းမြစ်ရေသည် ရေနည်းကာလ၌ မုံရွာမြို့နှင့် ကန္တီမြို့အကြား နေရာ ၇ နေရာ၊ မော်လိုက်နှင့် ကလေးဝမြို့အကြား နေရာ ၆ နေရာ ၊ မော်လိုက်မြို့နှင့် ဖောင်းပြင်မြို့အကြား နေရာ၂ နေရာနှင့် ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့အကြား နေရာ ၈ နေရာခန့်တို့တွင် မြစ်ရေမှာ နှစ်ပေကျော်ကျော်သာရှိခြင်းနှင့် ရေအောက်ငုတ်များစွာရှိနေခြင်းတို့ကြောင့် ခက်ခဲစွာ သွားလာနေရကြောင်း ရေယာဉ်မောင်းများထံမှ သိရသည်။

မုံရွာမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့ ပြေးဆွဲနေတဲ့ ခရီးသည်တင်ရေယာဉ်အသင်း ၁၉ သင်းနှင့် ကုန်တင်ရေယာဉ်အသင်းပေါင်း၂၀ ရှိပြီး ကုန်တင်ရေယာဉ် အစီးရေ ၁၀၀၀ ကျော်ရှိသည်။

R-20

ဓာတ်ပုံ-ဝင်းခိုင်