POST TYPE

LATEST NEWS POST

ဦးအောင်ဆန်းဦးက တရားလွှတ်တော် တရားသူကြီးချုပ်ထံ အမွေကိစ္စအတွက် အထူးအယူခံလျှောက်
11-Jan-2019



နေပြည်တော်၊ ဇန်နဝါရီ ၁၁

ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဦးအောင်ဆန်းဦးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော  ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို အမွေခွဲရာတွင် ညီမျှမှုမရှိဟုဆိုကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးထံ အထူးအယူခံလျောက်လိုက်ကြောင်း ဦးအောင်ဆန်းဦးက ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ လာရောက်၍အယူခံလျှောက်ထားစဉ် ၄င်းက မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်ဆန်းဦးတင်သွင်းသည့် အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ လျှောက်ထားခဲ့ရာပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က ရုံးတော်မှ (ပလပ်) ပယ်ချခဲ့ခြင်းကိုကျေနပ်မှုမရှိသောကြောင့် ဥပဒေ၏နောက်ဆုံးအခွင့်အရေးအရ တရားလွှတ်တော်ချုပ်ထံ ယခုကဲ့သို့ဦးတိုက်လျှောက်ထားခြင်းဖြစ်ကြောင်း ဦးအောင်ဆန်းဦး၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးလွင်က ပြောသည်။

“၂၀၁၀ ပြည်ထောင်စု တရားစီရင်ရေးဥပဒေပုဒ်မ ပုဒ်မ၂၀ အရ အထူးအယူခံဝင်ရောက်ဖို့ လျှောက်တာ။ ဒီအဆင့်က ပြည်ထောင်စုတရားသူကြီးချုပ်က ခွင့်ပြဖို့ပဲလျှောက်တာ။ ခွင့်မပြုရင်တော့ ပြီးပြီ။ ပုဒ်မ ၂၀ အရ ပြည်ထောင်စု တရားသူကြီးချုပ်ထံ အထူးအယူခံဝင်ဖို့အတွက် တိုက်ရိုက်လျှောက်တာ၊ ခွင့်တောင်းတဲ့ လျှောက်လွှာကို ဒီနေ့တင်မယ်”ဟု ၄င်းက ဆိုသည်။

တရားဥပဒေအရ ၄င်းတို့ ဦးတိုက်လျောက်ထားချက်သည် နောက်ဆုံးအခွင့်အရေး ဖြစ်နေပြီး ပြည်ထောင်စု တရားသူကြီးချုပ်အနေဖြင့် ၄င်း၏ဆင်ခြင်တုံတရားဖြင့် လျှောက်လဲချက်ကို လက်မခံပါက အဆိုပါအမှုသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ဦးအေးလွင်က ပြောသည်။

“ခွင့်မပြုရင် ပြီးပြီ”ဟု ၄င်းက ဆိုသည်။

တရားလွတ်တော်ချုပ်ထံမှ အထူးအယူခံဝင်နိုင်ရန် ခွင့်ပေးမည်မပေးမည်ကို ပြော၍မရကြောင်း ပြည်ထောင်စု တရားလွှတ်တော်အချုပ်အနေဖြင့် ယင်းကိစ္စကို မမှန်မှန်ကန်ကန်လုပ်ပေးရန်လိုကြောင်း၊ တရားသူကြီးချုပ်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့တွင် ရှိနေသောကြောင့် ဖိအားရှိနေမည်ဟု ယူဆကြောင်း၊ တန်ရာတန်ဖိုးမပေးဘဲ အကြောင်းအမျိုးမျိုးပြကာ လျော့ချကာ အားလုံးအပိုင်စီးနေခြင်းသည် အဓိပ္ပါယ်မရှိကြောင်း ဦးအောင်ဆန်းဦးက ပြောသည်။

ဦးအောင်ဆန်းဦးအနေဖြင့် အမွေကိုတစ်ဝက်အပြည့်မရဘဲ ပေတရာ၊ ပေခုနှစ်ဆယ်ကို ဖယ်ထုတ်လိုက်ခြင်းကြောင့် ပေါက်ကရ ဥပဒေဖြင့် လုပ်နေပြီးပေါက်ကရ ဆက်လုပ်နေကြောင်း၊လက်ရှိဦးတိုက်လျှောက်ထားရာတွင်လည်း ဥပဒေသည် မတရားဥပဒေလည်းဖြစ်နိုင်ပြီး ထပ်မံပယ်ချ (ပလပ်) လိုက်ပါက ယခုလျောက်လဲချက်သည် လမ်းဆုံးပြီဖြစ်ကြောင်း ဦးအောင်ဆန်းဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည်  အစိုးရကိုဦးဆောင်ကိုင်တွယ်ထားသော်လည်း ဥပဒေကို ဖိအားပေးလုပ်ဆောင်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်းရှေ့နေ ဦးအေးလွင်က ပြောသည်။