POST TYPE

LATEST NEWS POST

တရားမဝင်သစ်ကား ရန်ကုန်-ပြည် ကားလမ်းတွင်ဖမ်းမိ
11-Jan-2019

တိုက်ကြီး၊ ဇန်နဝါရီ ၁၁

တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာအုပ်စု၊ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် တရားမဝင်သစ်များ တင်ဆောင်လာသည့် ကားတစ်စီးကို အမျိုးသားနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့ည ၁၀ နာရီခွဲအချိန်တွင် တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်အောင်စိုးနှင့် သစ်တောအဖွဲ့များ၊ ဥတိုရဲကင်းစခန်းမှ တပ်ကြပ်ကြီးဇော်နိုင်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့ ဥတို-သနပ်ချောင်း ကားလမ်းတွင် ယာဉ်မောင်း ဦးသန်းနိုင်ဝင်း မောင်းနှင်လာပြီး ဦးမျိုးကျော် (သစ်ပိုင်ရှင်) လိုက်ပါလာသည့် ယာဉ်အမှတ်- ၇ က/ ၆၉၆၆ နစ်ဆန်းဒီဇယ် ၁၀ ဘီးယာဉ်မှာ တရားမဝင်သစ်များ တင်ဆောင်လာသည်ကို တွေ့ရှိရကြောင်း ၎င်းကဆိုသည်။ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနသို့ ကားအားမောင်းနှင်စေခဲ့ပြီး ဖမ်းဆီးစစ်ဆေးရာ အခြားသားသစ်လုံး (၁၄) လုံး၊(၄.၈၃၈) တန်ကို ဖမ်းဆီးမိကြောင်း ဖမ်းဆီးရမိသည့်တရားခံ ယာဉ်မောင်းဦးသန်းနိုင်ဝင်းနှင့် သစ်ပိုင်ရှင်ဦးမျိုးကျော်တို့ကို သစ်တောဥပဒေ ပုဒ်မ-၄၁ (က) နှင့် သစ်တင်ဆောင်လာသည့်ယာဉ်ကို သစ်တောဥပဒေ ပုဒ်မ-၄၇ (ခ ဖြင့် တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်စိုးက တရားလိုပြုကာ ရားစွဲဆိုထားကြောင်းသိရသည်။

R-19

ဓာတ်ပုံ - တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန