POST TYPE

LATEST NEWS POST

တာချီလိတ်တွင် ကျပ်သိန်း ၂၀၀၀ တန်​ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
11-Jan-2019



ကျိုင်းတုံ၊ ဇန်နဝါရီ ၁၁

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဝမ်မိုင်ရပ်ကွက်တွင် ဇန်​နဝါရီ ၉ ရက် ည ၁၀ နာရီခန့်က ဆိုင်ကယ်စီး အမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၂၀၀၀ တန်​ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"သတင်းအရစောင့်နေချိန်မှာ ဆိုင်ကယ်စီးလာတဲ့ ကောင်လေးထံကနေ မူးယစ်ဆေးဝါးတွေ စဖမ်းမိတယ်။ သူ့ရဲ့ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးရောင်းခိုင်းတဲ့ ပိုင်ရှင်အမျိုးသမီးကြီးကိုပါ ထပ်ဖမ်းမိခဲ့တယ်"ဟု၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် စိုင်းရှဲန်လာ(ခ)စိုင်းရှဲန်လှ(၃၂ နှစ်)ထံမှ ကျပ်သိန်း ၂၀၀၀ ခန့်တန်ဖိုးရှိ ICE မူးယစ်​​ဆေးဝါး ၁၀ ကီလိုခန့်နှင့်လက်ကိုင်ဖုန်းနှစ်လုံးကို ဖမ်းဆီးရမိခဲ့ရာ ၎င်းနှင့် မူးယစ်ဆေးပိုင်ရှင်ဖြစ်သူ ဒေါ်မွှေးလိန်(၄၈ နှစ်)တို့နှစ်ဦးကို မယ(ပ)၆/၂၀၁၉၊မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16