News

POST TYPE

LATEST NEWS POST

ရန်ကုန်တိုင်းရှိ လူဦးရေ သိန်း ၆၀ ကျော်ကို ဆင်ခြေထောက်ရောဂါကာကွယ်ရေး သန်ချဆေးပေါင်းတိုက်ကျွေးမည်
11-Jan-2019



ပုံစာ - ဆင်ခြေထောက်ရောဂါ သန်ချဆေးပေါင်း တိုက်ကျွေးရေးလုပ်ငန်း တိုင်းဒေသကြီး အဆင့်အသိပေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်စဉ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁

၂၀၁၈ ခုနှစ် ဆင်ခြေထောက်ရာဂါကာကွယ်ရေးစီမံချက်အရ ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ ၆၄ သိန်းကို ဆင်ခြေထောက်ရောဂါကာကွယ်ရေးသန်ချဆေးပေါင်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောကြားသည်။

“ဆင်ခြေထောက်ရောဂါကင်းဝေးဖို့ ရည်ရွယ်ချက်နဲ့ ၁၀ ရက် တပြိုင်နက် လူအားလုံးကို တိုက်ကျွေးမှာပါ။ ရပ်ကွက်တိုင်းကို ညနေဘက်မှာ လာတိုက်မှာပါ”ဟု ၄င်းက ရှင်းပြသည်။ အဆိုပါ ဆင်ခြေထောက်ရောဂါကာကွယ်ရေး သန်ချဆေးပေါင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုကင်းသည့် ဒေသအချို့မှ လွဲ၍ ကျန်နေရာများ၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှ ၃၁ ရက်နေ့အထိ ၁၀ ရက်တိုင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။ ဆင်ခြေထောက်ရောဂါသည် ကျူးလပ်စ် ခြင်အမျိုးအစားမှတဆင့် ကူးစက်ပြီး ရေဆိုးရေမြောင်းများတွင် ပေါက်ပွားသည့် ခြင်များဖြစ်ကြောင်း၊ ထိုကဲ့သို့ မြောင်းများ၌ ခြင်များမပေါက်ပွားစေရန် ပြုလုပ်ရခက်ခဲခြင်းများကြောင့် ယခုကဲ့သို့ လူထုအား ကာကွယ်ဆေးတိုက်ခြင်းဖြစ်သည်။ ထို့အပြင် ကာကွယ်ဆေးကြောင့် ခန္ဓာကိုယ်အတွင်းရှိ သန်ကောင်များ သေဆုံးသောကြောင့် ခြင်ကိုက်ခံရချိန်တွင်လည်း ခြင်ထဲသို့ သန်ကောင်များ ပါမသွားနိုင်တော့ကြောင်း ဒေါက်တာအေးမွန်မွန်ကျော်က ဖြည့်စွက်ပြောကြားသည်။ ထိုကဲ့သို့ နိုင်ငံတဝှမ်း ဆေးတိုက်ကျွေးခြင်းအတွက် နိုင်ငံတော်အစိုးရမှ ရန်ပုံငွေ ကျပ်သန်းပေါင်း ၇၃၃ သန်း၊ DEC သန်ချဆေးအတွက် Easai ဆေးကုမ္ပဏီမှ ကျပ်သန်းပေါင်း ၅၄၃ ဒသမ ၈သန်း၊ Albendazole ဆေးပြားအတွက် GSK ဆေးကုမ္ပဏီမှ ငွေကျပ်သန်းပေါင်း ၇၃၉ ဒသမ ၅သန်းကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။ 

J-12