News

POST TYPE

LATEST NEWS POST

မူဆယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ပိုင်ရှင်မဲ့အလောင်း ၆၉ လောင်းတွေ့ရှိ
02-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၂

တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့၌ ၂၀၁၈ ခုနှစ်အတွင်း ပိုင်ရှင်မဲ့ အလောင်း ၆၉ လောင်း တွေ့ရှိခဲ့ကြောင်း အလောင်းများ ကောက်ယူခဲ့သည့် မူဆယ်ကရုဏာလူမှုကူညီရေးအသင်းဝင် ဦးသောင်းထွန်းက ပြောကြား သည်။

“အများစုက မူးယစ်ဆေးကြောင့် သေကြတာပေါ့။ ဆေးထိုးအပ်တန်းလန်းနဲ့တောင်ရှိတယ်။ ကားဂိတ်မှာ ထိုင် ရပ်သေနေတာလည်း ရှိတယ်”ဟု ၎င်းကဆိုသည်။

သေဆုံးသူများသည် အခြားဒေသများမှ မူဆယ်သို့ လာရောက် အလုပ်လုပ်ကြသူများ ဖြစ်သောကြောင့် သေဆုံးသူ၏ နေရာဒေသနှင့်အမည်တို့ကို သိရှိနိုင်မှု အားနည်းသည့်အတွက် ပိုင်ရှင်မဲ့ အလောင်းများ ဖြစ်ရကြောင်း၊ အဆိုပါပိုင်ရှင်မဲ့ အလောင်းများကို ကောက်ပြီး မူဆယ်မြို့နယ်ရဲစခန်းနှင့် ပူးပေါင်းသဂြိုလ် ပေးခဲ့ရကြောင်း ဦးသောင်းထွန်းကရှင်းပြသည်။

မူဆယ်မြို့တွင် တစ်လလျှင် ပျမ်းမျှ ပိုင်ရှင်မဲ့ အလောင်း ၆ဦး နှင့် ၇ ဦး ခန့်ထိ တွေ့ရှိရပြီး ရာဇဝတ်မှု များသည့် အခါများတွင် ၁၀ ဦး ဝန်းကျင်ခန့်ရှိတတ်ကြောင်း ၎င်းကဆိုသည်။

ထိုအပြင် မူဆယ်ပြည်သူ့ဆေးရုံးတွင်လည်း မူယစ်ဆေးဖြတ်လူနာ သေဆုံးမှုသည် တစ်လလျှင် ၁၃ ဦးမှ ၁၅ ဦးကြားရှိကြောင်း၊ မူယစ်းဆေးကြောင့် သေဆုံးသူ၏ ၆၀ ရာခိုင်နှုန်းသည် ပိုင်ရှင်မဲ့ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းသည် ပိုင်ရှင်ရှိကြောင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံ ဆေးလူမှုဆက်ဆံရေးအရာရှိ ဒေါ်မြမြစန်းက ပြောကြားသည်။

မူဆယ်မြို့တွင် အနယ်နယ် အရပ်ရပ်မှ လာရောက် အလုပ်လုပ်ကိုင်နေသူများ၊ အိမ်ရာမဲ့ နေထိုင်သူများ အများဆုံးရှိပြီး ပိုင်ရှင်မဲ့ အလောင်းများသည် မူးယစ်ဆေးဝါးသုံးစွဲ ဆေးလွန်သေဆုံးသူများ၊ HIV ကူးစက်ခံရသူများ အများဆုံး ပါဝင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ရွှေ့ပြောင်းလုပ်သားအများစုသည် မကွေး၊ စစ်ကိုင်း၊ ပခုက္ကူ ၊ မန္တလေး၊ ရခိုင်ပြည်နယ်တို့မှဖြစ်သည်။

J-18/ မအိမ့်သန္တာထွန်း