News

POST TYPE

LATEST NEWS POST

ပုဂံသရပါသပိတ်မှ တရားစွဲခံထားရသူ ၁၄ ဦးအမှု ဇန်နဝါရီ ၇ ရက်သို့ ထပ်ချိန်း
27-Dec-2018
ချောက်၊ ဒီဇင်ဘာ ၂၆

ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံမြို့ သရပါဟိုတယ်သပိတ်မှ ၁၄ ဦး၏ တတိယမြောက်ရုံးချိန်းအဖြစ် ဇန်နဝါရီလ ၇ ရက်တွင် ထပ်မံပြုလုပ်မည်ဟု ယင်းမြို့နယ် တရားရုံးမှ ထပ်မံ ချိန်းဆိုလိုက်ကြောင်း သရပါသပိတ်ဦးဆောင်သူ ဦးနေမျိုးဝင်းက ပြောကြားသည်။

သရပါ ဟိုတယ်မှ အလုပ်သမားများ အထုတ်ခံရခြင်းနှင့်ပတ်သက်၍ အလုပ်သမား သပိတ်စခန်းဖြိုခွဲခံရ၍ သပိတ်စစ်ကြောင်းဖြင့် နေပြည်တော်သို့ ဒီဇင်ဘာလ ၁၃ ရက် နေ့ နံနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်စဉ် ညောင်ဦးမြို့အထွက် ကျောက်ကူဘုရားအနီးတွင် သပိတ်စစ်ကြောင်းကို ယင်းနေ့ နံနက် ၉ နာရီခန့်က ထပ်မံဖြိုခွဲခံရပြီး သပိတ်စစ်ကြောင်းတွင် ပါဝင်သူ ၁၃ ဦးနှင့် သရပါသပိတ်စခန်း ဦးဆောင်သူ ဦးနေမျိုးဝင်းတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အရေးယူခံခဲ့ရသည်။

“တရားသူကြီးက ကျွန်တော်တို့ကို မေးတာတစ်ခုတည်း မင်းတို့မှာ အပြစ်ရှိလား။ မရှိဘူးလားမေးတော့ ကျွန်တော်တို့မှာ အပြစ်မရှိဘူး ဖြေခဲ့တယ်”ဟု တရားစွဲဆို ခံထားရသူ ကိုကျော်ဇင်ဟိန်းက ပြောဆိုသည်။

ညောင်ဦးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသူများကို ဒီဇင်ဘာလ ၁၇ ရက်က တစ်ကြိမ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တစ်ကြိမ် အမှုရင်ဆိုင်ထားသည်။

“လုံးဝမသိတာတော့ မဟုတ်ဘူး။ ရှိတာလောက်တော့ သိတယ်။ နှိုက်နှိုက်ချွတ်ချွတ် မသိဘူးပေါ့။ ဒါမျိုးလေးတွေနဲ့ ဖြေသွားတယ်။ ကျွန်တော်တို့ သပိတ်စစ်ကြောင်းကို ဘယ်သူဖမ်းခိုင်းတာလဲ ဘယ်သူက လုပ်ခိုင်းတာလဲမေးတယ်။ စခန်းမှူးက မြို့နယ်မှူးကပေါ့။ မြို့နယ်မှူးကို ပြန်မေးတဲ့အခါကျတော့ မြို့နယ်မှူးကလည်း သူ့အထက်ကခိုင်းလို့ပဲ ပြောတယ်။ ဘယ်သူဘယ်ဝါရယ်လို့ နာမည်တပ်မပြောဘူး”ဟု တရားခွင်၌ ညောင်ဦးမြို့ရဲတပ်ဖွဲ့မှ ဖမ်းဆီးရေးတာဝန်ခံ ရဲအုပ်နှင့် ရဲအရာရှိများက ဖြေကြားချက်များကိုကိုးကား၍ ကိုကျော်ဇင်ဟိန်းက ပြန်လည်ပြောဆိုသည်။

ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးက ပုဂံသရပါဟိုတယ် သပိတ်စခန်းဦးဆောင်သူ ဦးနေမျိုးဝင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ငြိမ်းစုစီပုဒ်မ - ၁၉ ဖြင့် ညောင်ဦးမြို့နယ် တရားရုံးတွင် အမှု ၃ မှုဖြင့် တရားစွဲဆိုထားကြောင်း ဦးနေမျိုးဝင်းက ပြောဆိုသည်။

ပုဂံသရပါဟိုတယ်မှ ပုဂံသို့ခရီးသွား ဝင်ရောက်မှု နည်းပါးသည်ကို အကြောင်းပြ၍ ဩဂုတ်လ ၂၄ ရက်နေ့တွင် ဟိုတယ်ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကို လျှော့ချခဲ့ရာ သရပါဟိုတယ် အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌအပါအဝင် သမဂ္ဂအဖွဲ့ဝင် ၁၂ ဦးကို အလုပ်မှ ထုတ်ခံခဲ့ရသည့်အတွက် အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်၍ ယင်းဟိုတယ်ရှေ့၌ ထိုင်သပိတ်ဖွင့်ခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၁၇ ရက်နေ့တွင် မန္တလေးတိုင်း ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဟိုတယ် ၁၁ လုံးမှ ဝန်ထမ်း ၁၅၀ ခန့်က သရပါဟိုတယ်မှ ဝန်ထမ်းအလုပ်ပြန်ခန့်ပေးရေး ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

R-24