News

POST TYPE

LATEST NEWS POST

အကြွေးပြန်မဆပ်နိုင်သည့် အမျိုးသား ကြိုးဆွဲချသေဆုံး
23-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၆၅ ရက်ကွက်၊ စစ်တောင်းလမ်းတွင် ဒီဇင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက အကြွေးများ ပြန်မဆပ်နိုင်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေဆုံးသူရဲ့ ဇနီးဖြစ်သူက သူ့ခင်ပွန်းမှာ အကြွေးတွေ ဝိုင်းနေပြီး ကြွေးရှင်တွေက မကြာခဏ လာလာတောင်းနေလို့ စိတ်ညစ်ပြီး ကြိုးဆွဲချ သေဆုံးသွားတာဖြစ်တယ်လို့ သိရတယ်။ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရအောင် သေမှုသေခင်း ရေးဖွင့်စစ်ဆေးနေပါတယ်”ဟု ရဲအရာရှိက ပြောသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်၊ သန္တာ ၁၅ လမ်းတွင် လောင်းကစားအကြွေး ပြန်မဆပ်နိုင်သည့် အသက် ၄၀ နှစ်အရွယ် အမျိုးသားမှာ သေတမ်းစာရေး၍ မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင်မပြေမှုများဖြင့် မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်သူ တစ်ရက်လျှင် တစ်ဦးနှုန်းခန့် ဖြစ်ပွားနေကြောင်း သေမှုသေခင်း မှတ်တမ်းဖြစ်စဉ်များအရ သိရသည်။

S-03