News

POST TYPE

LATEST NEWS POST

ရေကြီးမှုဒဏ်ခံခဲ့ရသည့် ကျေးရွာများအတွက် ရေစုပ်စက်များ ထောက်ပံ့
17-Dec-2018

ကလေး၊ ဒီဇင်၊ဘာ ၁၇

ကလေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြုံတွေ့ခဲ့ရသည့် ကျေးရွာများ၌ သောက်သုံးရေနှင့် စိုက်ပျိုးရေးတွင် အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေအစီအစဉ်ဖြင့် ရေစုပ်စက်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကျေးရွာ ၆၀ အတွက် ရေစုပ်စက် (အင်ဂျင်နှင့်ပန့်) အစုံ ၆၀ ပေးအပ်ပွဲကို ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်)က ကလေးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး တောင်သူများထံပေးအပ်ခဲ့သည်။

“ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရတဲ့ ရွာတွေအတွက် မိုးကိုမျှော်စရာမလိုဘဲ ချောင်းမြောင်းတွေရှိလို့ရှိရင် ချောင်းမြောင်းတွေကနေ ပြီးတော့မှ ရေစုပ်စက်တွေသုံးပြီး သီးထပ်သီးညှပ်တွေ စိုက်ပျိုးဖို့ရာအတွက် ပေးတာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးစံပေါက ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေစုပ်စက်များပေးအပ်မှုကို ကလေးမြို့အပါအဝင် စစ်ကိုင်းမြို့တွင် ၁၀ လုံး၊ ယင်းမာပင်မြို့တွင် ၅ လုံး ပေးအပ်မည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

၂၀၁၅ ခုနှစ် ရေကြီးနစ်မြုပ်မှုဖြစ်စဉ်အပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ကလေးမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာတွင် လေးလက်မ အကျယ်အနက်ပေ ၃၀ဝ ရှိ ရေတွင်း ၇၀ နှင့် ရေတင်စက်ရုံ၊ ရေပေးမြောင်း၊ ရေငြိမ်ကန်များ တည်ဆောက်ရန် ငွေကျပ် ၄၀၄ ဒသမ ၅ သန်း အသုံးပြုဆောင်ရွက်စေခဲ့ရာ ရေတွင်း ၁၇ တွင်း တူးဖော်နိုင်ခဲ့ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

R-20