News

POST TYPE

LATEST NEWS POST

ပဲရစ်သဘောတူညီချက်ကို အကောင်အထည်ဖော်မည့် ရာသီဥတုဆိုင်ရာ သဘောတူညီမှုတစ်ရပ် နိုင်ငံပေါင်း ၂၀၀ ခန့်ရရှိ
17-Dec-2018


ဝါဆော၊ ဒီဇင်ဘာ ၁၆

ပိုလန်နိုင်ငံတွင် ကျင်းပပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုထိပ်သီးဆွေးနွေးပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကရခဲ့သည့် ပဲရစ်ရာသီဥတုသဘောတူညီချက်အား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ခန့်က သဘောတူညီမှုတစ်ရပ် ရရှိလိုက်ပြီဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

ပိုလန်နိုင်ငံ ကာတိုဝိုက်စ်စီတီတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ နိုင်ငံများအနေနှင့် ၎င်းတို့ပေးထားသည့် ရာသီဥတုဆိုင်ရာ ကတိကဝတ်များကို မည်သို့မည်ပုံ သတင်းပေးပို့မည်၊ စောင့်ကြည့်သွားမည်ဟူသော အချက်အလက်များ ရေးသားထားသည့် လမ်းညွှန်ချက်တစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

စာမျက်နှာ ၁၅၆ မျက်နှာပါဝင်သော ယင်းလမ်းညွှန်ချက်စာအုပ်တွင် နိုင်ငံများအနေနှင့် ဖန်လုံအိမ်သဘာဝ ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ အမျိုးသားရေး ကတိကဝတ်များကို စနစ်တကျ အကောင်အထည်ဖော်ရန် ညွှန်ကြားထားသည်။

နိုင်ငံပေါင်း ၂၀၀ ခန့် ယခုရရှိလိုက်သည့် သဘောတူညီချက်တွင် နိုင်ငံများအနေနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို မည်သို့မည်ပုံ အစီရင်ခံသင့်သည် ဟူသောအချက်နှင့် ယင်းဓာတ်ငွေ့ လျှော့ချနိုင်အောင် မည်သို့ကြိုးပမ်းဆောင်ရွက်သင့်သည်ဟူသော အချက်တို့ပါဝင်သည်။

ဆင်းရဲနွမ်းပါးသောနိုင်ငံများ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရာ၌ ဘဏ္ဍာရေးအကူအညီများ ပေးအပ်မည့် အာမခံချက်နှင့်ပတ်သက်၍လည်း သဘောတူညီချက်ရရှိခဲ့သည်။

ယခု ကာတိုဝိုက်စ်စီးတီးတွင် ရရှိလိုက်သော သဘောတူညီချက်သည် ပဲရစ်သဘောတူညီချက်၏ ရည်မှန်းချက်ဖြစ်သော ကမ္ဘာလုံးအပူချိန်မြင့်တက်မှုကို ၂ စင်တီဂရိတ်အောက်တွင်သာ ထားရှိနိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်သွားရန် ဖြစ်သည်။ 

“ပဲရစ်သဘောတူညီချက် လုပ်ငန်း အစီအစဉ်ကို အတူတကွ ဖော်ထုတ်ဖို့ ဆိုတာဟာ ကြီးမားတဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်”ဟု COP24 အမည်ရသည့် ယင်းထိပ်သီးဆွေးနွေးပွဲ၏ ဥက္ကဋ္ဌဖြစ်သူ မစ်ရှယ်လ်ကော်တရာက ပြောကြားသည်။

“ခရီးရှည်ကြီးပဲဖြစ်ပါတယ်။ နောက်မှာ ဘယ်သူမှ မကျန်ရစ်ခဲ့ရလေအောင် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနိုင်ခဲ့တယ်”ဟု ၎င်းကဆိုသည်။ 

၎င်း၏ အဆိုအရ ယခုဆွေးနွေးပွဲတွင် ထွက်ပေါ်လာသည့် လမ်းညွှန်ချက်စာအုပ်သည် ဆင်းရဲနွမ်းပါးသော နိုင်ငံများအတွက် လူးသာ လှုပ်သာရှိသည့် လုပ်ဆောင်ချက်များကို ဖန်တီးပေးထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကုလသမဂ္ဂက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် ကမ္ဘာ့နိုင်ငံများသည် ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သက်၍ လမ်းချော်လျက်ရှိသည်ဟု သတိပေးထားသည်။

ယခုပိုလန်ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့က ပဲရစ်သဘောတူညီချက်တွင် ပါဝင်သည့် ရှုပ်ထွေးလှသည့် အရေးကိစ္စများကို အကျေအလည် ပြန်လည်ဆွေးနွေးခဲ့ကြသည်။

F-01