News

POST TYPE

LATEST NEWS POST

အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းသူကို အမှုဖွင့်
15-Dec-2018
တောင်ငူ၊ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် ၁၈ ရပ်ကွက်နေ အသက် ၁၅ နှစ်ကျော်အရွယ် မိန်းကလေးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ခိုးယူထွက်ပြေးပေါင်းသင်းသူ အမျိုးသားကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်လှစ်ထားကြောင်း တောင်ငူမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ တောင်ငူမြို့နယ် အမှတ် ၁၈ ရပ်ကွက်နေ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးသည် ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်က နေအိမ်ရှိ အသက် ၁၅ နှစ် ၄ လအရွယ် သမီးဖြစ်သူကို ညောင်ပင်လေးကုန်စိမ်းဈေးသို့ ဈေးဝယ်ခိုင်းလိုက်ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် လိုက်လံစုံစမ်းရာ တစ်ရပ်ကွက်တည်းနေ အသက် ၂၁ နှစ်အရွယ်ရှိ ကျော်သက်ဦး (ကျပန်း) နှင့် ခိုးရာလိုက်ပြေးသည်ကို သိရှိခဲ့ရသဖြင့် လိုက်လံခေါ်ယူသော်လည်း လိုက်ပါလာခြင်းမရှိသဖြင့် ဒီဇင်ဘာ ၁၄ ရက်နေ့က တောင်ငူမြို့မရဲစခန်းသို့ လာရောက် အမှုဖွင့်လှစ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

“ခိုးပြေးတဲ့အမျိုးသားနဲ့ တရားလိုရဲ့သမီးဖြစ်သူက ခိုးရာလိုက်ပြေးသွားတာပါ။ ပြစ်မှုကျူးလွန်တယ်လို့ဆိုတဲ့ အမျိုးသားကိုတော့ ဖမ်းဆီးစစ်ဆေးနိုင်ဖို့ စုံစမ်းနေဆဲပါ”ဟု တောင်ငူမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည်ဟုဆိုသော ကျော်သက်ဦးကို တောင်ငူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၃/ ၃၇၆ အရ အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေးလုပ်ဆောင်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-15