News

POST TYPE

LATEST NEWS POST

နွေစပါး အထွက်လျော့၍ မျိုးစေ့ကုမ္ပဏီကို လယ်သမားများ ဆန္ဒပြ
14-Dec-2018



မုံရွာ၊ ဒီဇင်ဘာ ၁၄

နွေစပါးဧက ၁၀၀၀ ကျော်အထွက်လျော့သောကြောင့် မျိုးစေ့ကုမ္ပဏီ ဂရိတ်ဝေါအနေနှင့် နစ်နာမှုများဖြေရှင်းပေးရန် လယ်သမား ၁၀၀ ကျော်က မုံရွာမြို့တွင် ယနေ့ နံနက်ပိုင်း ဆန္ဒပြခဲ့ကြသည်။

လယ်သမားများမှာ ရွှေဘိုမြို့နယ် သီးလုံး၊ ကျားရွာ၊ ညောင်ပင်သာ၊ ခွန်းတောင်းကြီး၊ လိပ်ချင်းကျေးရွာတို့မှဖြစ်သည်။ ဂရိတ်ဝေါကုမ္ပဏီ၏ မျိုးစေ့မှန်ကန်မှုမရှိ၍ အပင်ပေါက်မညီခြင်း၊ အထွက်လျော့ခြင်းဖြစ်ကြောင်း လယ်သမားများထံမှ သိရှိရသည်။

သီးလုံးရွာမှ ဆန္ဒပြသူ လယ်သူမ ဒေါ်အေးက “ဈေးကြီးပေးပြီး (မျိုးစေ့) ဝယ်စိုက်ရတယ်။ မျိုးစေ့ကြောင့် တစ်ဧက တင်းရာကျော်မထွက်တော့ဘဲ တစ်ဝက်မကလျော့ကျခဲ့တော့ ဘဏ်ချေးငွေပြန်မဆပ်နိုင်ဘဲ အခက်တွေ့နေကြတယ်”ဟု ပြောကြားသည်။ 

အထွက်လျော့၍ စိုက်စရိတ်ရှုံးပြီး ကြွေးတင်နေကြသည်။ ထိုကိစ္စကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံသို့လည်း ကန့်ကွက်စာပေးပို့တိုင်ကြားထားကြောင်း၊ ကုမ္ပဏီဘက်ကလည်း ယခုအချိန်ထိဖြေရှင်းခြင်းမရှိ၍ ဆန္ဒပြခြင်းဖြစ်ကြောင်း လယ်သမားများက ဆိုသည်။

တရားဥပဒေစိုးမိုးရေး၊ ကုမ္ပဏီအားအရေးယူပေးရေး၊ တောင်သူသမားဘဝဖြွံ့ဖိုးတိုးတက်အောင် ဆောင်ရွက်ပေးစသည့် ကြွေးကြော်သံများဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျောက် ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

R-08

ဓာတ်ပုံ - ခင်မေစန်း